ဒီနှစ် ဘောလုံးရာသီမှာ ဘယ်သူမှ မထင်ထားလောက်အောင်ကို ဂိုးသွင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ စတုဂတ် တိုက်စစ်မှူး ဂွီယာဆီက ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ ပါဝင် ကစားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် ဂီနီ တိုက်စစ်မှူး ဂွီယာဆီဟာ ပြင်သစ်ကလပ် Laval အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း လိုင်လီ အော်ဇေး အာမီယန် ရန်းစ်တို့လို ပြင်သစ် ကလပ်အသင်းတွေမှာ ကျင်လည်ခဲ့ပါတယ်။

Photo Credit : Blid

ဒါ့အပြင် ဂွီယာဆီက ကိုလုံးအသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါမှာပါ ဖြတ်သန်းခဲ့ဖူးသလို ပြီးခဲ့တဲ့ရာသီမှာပဲ ရန်းစ်ကနေ စတုဂတ်ဆီ အငှားနဲ့ လာရောက် ကစားခဲ့ပါသေးတယ်။ ဒီရာသီမှာတော့ စတုဂတ်က ဂွီယာဆီကို အပြီးသတ် ခေါ်ယူလိုက်ပြီး ဂွီယာဆီကလည်း ဒီရာသီအစပိုင်းမှာပဲ ပြိုင်ပွဲစုံ (၁၅)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကြွက်သား ဒဏ်ရာ ရရှိနေတဲ့ ဂွီယာဆီဟာ အနားယူနေရပေမယ့် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာတော့ သူရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင်(၁၅)သန်းက စတင် သက်ရောက်တော့မှာ ဖြစ်တာကြောင့် အသင်းများစွာက ဂွီယာဆီကို ကမ်းလှမ်းဖို့ပါ စိတ်ဝင်စားလာကြပါတယ်။

Photo Credit : Football365

ဒီရာသီထဲ (၉)ပွဲ ကစားထားပြီးချိန် (၁၅)ဂိုးအထိ သွင်းယူထားနိုင်တဲ့ ဂွီယာဆီကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေ များစွာက ဆောင်းဈေးကွက်အတွင်းမှာ ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ဂွီယာဆီ ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ နာမည်ကျော် လိဂ်ကြီးမှာ ကစားရဖို့ပါ ဆန္ဒရှိနေပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေထဲကမှ စပါးအသင်းက ဂွီယာဆီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး လာမယ့် ဆောင်းဈေးကွက်မှာ ဂွီယာဆီက စတုဂတ်နဲ့ပဲ ဆက်လက် ဖြတ်သန်းဖြစ်မလား ဒါမှမဟုတ် အသင်းပြောင်းသွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။