ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ဗဟိုခံစစ်မှူး ဂျွန်စတုန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၉)မှာ ချယ်လ်ဆီးကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေတဲ့ အာဆင်နယ်ကို သတိပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် ချယ်လ်ဆီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ တပွဲလုံးနီးပါး ချယ်လ်ဆီးကို တရစပ် ဖိအားပေး ကစားနိုင်ခဲ့သလို လူစားဝင် တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ်ရဲ့ အဖိုးတန် အနိုင်ဂိုးကြောင့် အနိုင် ၃မှတ်နဲ့အတူ အိမ်ပြန်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ စီးတီးက ချယ်လ်ဆီးနဲ့ ပွဲကျပ်မှာ ရမှတ် ၃မှတ် အပြည့် ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၅မှတ်သာ ကွာဟတော့ပြီး မန်ချက်စတာ စီးတီးဟာ အာဆင်နယ်နဲ့ ကစားရမယ့် အမှတ်ပေးပွဲ ၂ပွဲ အထိ ကျန်နေသေးတာကြောင့် သူတို့ရဲ့ ချန်ပီယံဘွဲ့ ကာကွယ်ရေး မျှော်လင့်ချက်က ပိုမို အားကောင်းလာခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီး ၀-၁ မန်ချက်စတာ စီးတီး ပွဲအပြီးမှာ မန်ချက်စတာ စီးတီးရဲ့ အဓိက ဗဟိုခံစစ်မှူး ဂျွန်စတုန်းက သူတို့ဟာ ချန်ပီယံဆု အတွက် မှန်ကန်တဲ့ လမ်းကြောင်းတခု အပေါ် ပြန်ရောက်နေကြောင်း ပြောကြားခဲ့သလို အဆင့်၁မှာ ရှိနေတဲ့ အာဆင်နယ်ကိုလည်း ရာသီကုန်ဖို့ ပွဲတွေ အများကြီး လိုသေးတာကြောင့် သတိထားနေဖို့ သတိပေးလိုက်ပါတယ်။

Photo Credit: Metro

ဂျွန်စတုန်းက – “ကျွန်တော်တို့က ဇယားအနေအထားကို ခေါင်းထဲ မထည့်ထားပါဘူး။ ဒီပွဲမတိုင်ခင်မှာ နည်းပြကြီး ပြောသလိုပါပဲ။ ကျွန်တော်တို့မှာ ရာသီကုန်တဲ့ အထိ ယူလို့ ရတဲ့ အမှတ် ၆၆မှတ်ထိ ရှိပါသေးတယ်။ ရာသီကုန်ဖို့ အဝေးကြီး လိုသေးသလို ကျွန်တော်တို့က တပွဲပြီး တပွဲ အကောင်းဆုံး ပုံစံနဲ့ ချဉ်းကပ်သွားမှာပါ။ ကျွန်တော်တို့က အခု ရထားတဲ့ အရှိန်ကို ဆက်ထိန်းသွားဖို့ပဲ လိုပါတယ်။ တကယ်လို့ ကျွန်တော်တို့သာ ပွဲတိုင်းမှာ ဒီနေ့လို ပုံစံမျိုးနဲ့ ကစားနိုင်မယ် ဆိုရင် ကျွန်တော်တို့က ရာသီကုန်ချိန်မှာ သေချာပေါက် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နိုင်မယ့် အနေအထားကို ရောက်နေပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။