ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ရာဟမ် စတာလင်းက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးပရိသတ်တွေရဲ့ ပြင်းထန်တဲ့ လှောင်ပြောင်မှုတွေကို ခံနေရပေမယ့် ရာသီကုန်ချိန်မှာ အသင်းပြောင်းဖို့ မစဉ်းစားထားပဲ ချယ်လ်ဆီးမှာသာ ဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းက ၂၀၂၂ နွေဈေးကွက်မှာ မန်ချက်စတာ စီးတီး ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၆သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ချယ်လ်ဆီးဆီ ရောက်ရှိပြီးနောက် ပွဲထွက်ခွင့်တွေ ဆက်တိုက် ရရှိထားပါတယ်။

Photo Credit: The Times

စတာလင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မျှော်မှန်းထားတဲ့ ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ပါလ်မာနဲ့ တွဲဖက်ကာ ချယ်လ်ဆီးရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ထားနိုင်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိထားပါတယ်။

ရာဟမ် စတာလင်းက ဒီရာသီမှာ ဂိုးပါဝင်ပတ်သတ်မှု ၁၈ကြိမ် အထိ ရရှိထားပေမယ့် အပိုင် ဂိုးသွင်းခွင့် အများအပြားကို လွဲချော်ထားတာကြောင့် ချယ်လ်ဆီးပရိသတ်တွေရဲ့ ငြိုငြင်မှုတွေကို ခံနေရပါတယ်။

Photo Credit: Telegraph

နောက်ဆုံး ကစားခဲ့တဲ့ ချယ်လ်ဆီး ၄-၂ လက်စတာ စီးတီး အက်ဖ်အေဖလား ပွဲစဉ်မှာလည်း စတာလင်းက ပါလ်မာရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပေမယ့် ပင်နယ်တီ ၁ကြိမ် အပါအဝင် ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်း များစွာကို အသုံးမချနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေရဲ့ အမုန်းကို ရင်ဆိုင်ခဲ့ရပြီး ချယ်လ်ဆီးပရိသတ်တွေက အဲ့ဒီပွဲရဲ့ ဒုတိယပိုင်းမှာ စတာလင်း ဘောလုံးထိတဲ့ အချိန်တိုင်း အော်ဟစ်ကာ လှောင်ပြောင်မှုတွေ လုပ်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ စတာလင်းက ရာသီကုန်မှာ ချယ်လ်ဆီးကို စွန့်ခွာနိုင်တယ် ဆိုတဲ့ ကောလဟာလ သတင်းတချို့ ထွက်ပေါ်ခဲ့ပေမယ့် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Independentရဲ့ ဖော်ပြချက်အရ စတာလင်းက လာမယ့် နွေဈေးကွက်မှာ ချယ်လ်ဆီးကို စွန့်ခွာဖို့ မတွေးထားသလို အသင်းမှာ ဆက်နေကာ ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာအောင် ကြိုးစားဖို့ ဆုံးဖြတ်ထားကြောင်း သိရှိရပါတယ်။