ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက ပြီးခဲ့တဲ့ စနေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန် ၃-၃ စပါး ပွဲစဉ်အပြီးမှာ အသင်းရဲ့ ဘုတ်အဖွဲ့ ၊ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တဲ့ နည်းပြဖြစ်သူ ကွန်တီကို ရာထူးကနေ ထုတ်ပယ်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အီတလီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီက ပြီးခဲ့တဲ့ ဘောလုံးရာသီ အလယ်ကမှ စပါးကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ကာ ကွန်တီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မဖြစ်နိုင်တဲ့ အနေအထားမျိုး ကနေ စပါးကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

ကွန်တီက အချိန်တိုအတွင်းမှာ စပါးကို တန်ပြန်တိုက်စစ် အားကောင်းတဲ့ အသင်း ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တာကြောင့် ဒီရာသီမှာ ကွန်တီရဲ့ ဦးဆောင်မှုနဲ့ စပါးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်းမှာ စပါးက ရလဒ်ကောင်းတွေ ရယူနိုင်ဖို့တောင် ရုန်းကန်နေရပါတယ်။

ဒီရာသီမှာ စပါးက ချန်ပီယံလိဂ် ၊ အက်ဖ်အေ ၊ ကာရာဘောင်း စတဲ့ ဆုဖလားတွေ အားလုံးကို လက်လွှတ်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်၄အတွင်း ဝင်ရောက်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရမယ့် အခြေအနေကို ရောက်နေပါတယ်။

Photo Credit: Football 365

ဒီလို ခက်ခဲနေတဲ့ အချိန်မျိုးမှာ ကွန်တီက အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေကို လူသိရှင်ကြား ဝေဖန်ခဲ့တာကြောင့် စပါးရဲ့ တာဝန်ရှိသူတွေက ကွန်တီရဲ့ လုပ်ရပ်အပေါ် စိတ်ဆိုး ဒေါသထွက်နေကြပြီး စပါးရဲ့ ဘုတ်အဖွဲ့က ယမန်နေ့ ညပိုင်းမှာပဲ အရေးပေါ် အစည်းအဝေး တခု ပြုလုပ်ကာ ကွန်တီကို ရာထူးကနေ ထုတ်ပယ်ရေး အတွက် ဆွေးနွေးခဲ့ကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph Football သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးရဲ့ တာဝန်ရှိသူတွေက ကွန်တီကို ရာထူးကနေ ထုတ်ပယ်ဖို့ တညီတညွတ်ထဲ သဘောတူခဲ့ကြပြီး ကွန်တီကို ရာထူးကနေ ထုတ်ပယ်ဖို့ ဥက္ကဌဖြစ်သူ လီဗိုင်းရဲ့ သဘောတူညီမှုသာ လိုအပ်တော့တာကြောင့် စပါးက ကွန်တီကို လာယ့် ၄၈နာရီ အတွင်း ရာထူးကနေ ထုတ်ပယ်ဖို့ ရှိနေကာ စပါးဟာ ကွန်တီကို ရာထူးကနေ ထုတ်ပယ်ပြီးရင် လက်ထောက်နည်းပြ ရိုင်ယန် မေဆန်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ပါ အစီအစဉ် ဆွဲထားကြောင်း သိရပါတယ်။