ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းကို လာမယ့် နွေဈေးကွက် အတွင်းမှာ ရောင်းချရမယ် ဆိုရင်တောင် ပြည်တွင်းပြိုင်ဘက်တွေဆီ မရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၁-၀ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးရင်း စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့သူပါ။

Photo Credit: Mirror

ဟယ်ရီကိန်းက စပါးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်သလို သူ့ရဲ့ ကစားသမား ဘဝ တခုလုံး စပါးအတွက်သာ ကစားပေးခဲ့သူ ဖြစ်ပေမယ့် သူက စပါးနဲ့အတူ ဆုဖလားတွေ ရယူနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

ဒါကြောင့်ပဲ ဟယ်ရီကိန်းက စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ပြီးနောက် လာမယ့် နွေဈေးကွက်မှာ စပါးကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး စပါးကလည်း သူတို့ဟာ ဟယ်ရီကိန်းကို လက်လွှတ်ရတော့မယ် ဆိုတာ ရိပ်မိနေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးက ဟယ်ရီကိန်းကို လက်လွှတ်ရတော့မယ် ဆိုတာ သိနေပေမယ့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားဦးမှာ ဖြစ်ပြီး အကယ်၍ ဟယ်ရီကိန်းကို စာချုပ်သစ် မချုပ်နိုင်တော့ရင် လာမယ့် နွေဈေးကွက်မှာပဲ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ စီစဉ်ထားကာ ရောင်းချဖြစ်ရင်လည်း ပြည်တွင်းပြိုင်ဘက်တွေထက် တခြားနိုင်ငံမှာ ရှိတဲ့ အသင်းတွေဆီသာ ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်တို့က ဟယ်ရီကိန်းကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပြီး စပါးရဲ့ ဆန္ဒအရ ဘိုင်ယန်မြူးနစ်ဟာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ပိုမို အခြေအနေ ကောင်းနေပါတယ်။