ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက ယခုနှစ် ဘောလုံးရာသီမှာ ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းနဲ့ အတူ တောက်ပနေတဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်း မားကပ် အက်ဒဝပ်ကို သူတို့အသင်းဆီ ပြန်ခေါ်ဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Insider သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား မားကပ် အက်ဒဝပ်က စပါးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ၂၀၁၉ခုနှစ်မှာတော့ စပါးကနေ ပေါ်တူဂီကလပ် ဂွီမာရေးစ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Sky Sports

မားကပ် အက်ဒဝပ်က စပါးမှာ ကစားခဲ့စဉ်က အသင်းကြီးမှာ သူ့ရဲ့ ခြေစွမ်းကို သက်သေပြခွင့် မရခဲ့ပေမယ့် ဂွီမာရေးစ်ထံ ရောက်အပြီးမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာတော့ စပို့တင်း လစ္စဘွန်းက ပြောင်းရွှေ့ကြေး ယူရို ၇.၅သန်းနဲ့ မားကပ် အက်ဒဝပ်ကို သူတို့အသင်းဆီ ခေါ်ယူခဲ့ပါတယ်။

စပို့တင်း လစ္စဘွန်းဆီ ရောက်ရှိအပြီးမှာ မားကပ် အက်ဒဝပ်က သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း အက်ဒဝပ်က စပို့တင်းအတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ် ရရှိခဲ့ပါတယ်။

 

Photo Credit: Sky Sports

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတဲ့ စပါးက သူတို့ရဲ့ ကစားသမားဟောင်း ဖြစ်သူ မားကပ် အက်ဒဝပ်ကို အသင်းဆီ ပြန်ခေါ်ဖို့ စဉ်းစားနေပြီး စပါးရဲ့ တာဝန်ရှိသူတွေက မားကပ် အက်ဒဝပ်ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ထံ ချိတ်ဆက်မှုတွေ လုပ်ထားကြောင်း Football Insider သတင်းဌာနက ဆိုပါတယ်။

Football Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးက မားကပ် အက်ဒဝပ်ကို ပြန်ခေါ်ဖို့ စီစဉ်နေပြီး မားကပ် အက်ဒဝပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၆၀သန်း အထိ ရှိနေပေမယ့် စပါးဟာ စပို့တင်း လစ္စဘွန်းက မားကပ် အက်ဒဝပ်ကို ပြန်ရောင်းချခဲ့ရင် ရမယ့် ပြောင်းရွှေ့ကြေးရဲ့ ထက်ဝက်ကို ရရှိပိုင်ခွင့် ရထားတာကြောင့် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ပေးချေရုံနဲ့ မားကပ် အက်ဒဝပ်ကို ခေါ်ယူနိုင်မှာ ဖြစ်ပြီး မားကပ် အက်ဒဝပ်ကသာ စပါးဆီ ပြန်ပြောင်းလာချင်ရင် စပါးဟာ အက်ဒဝပ်ကို အနှေးနဲ့ အမြန် ခေါ်ယူတော့မယ်လို့ သိရပါတယ်။