တော့တင်ဟမ် ဟော့စပါးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြင့်တင်သွားဖို့အတွက် မန်ချက်စတာ စီးတီး ဘယ်တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို လာမယ့် အပြောင်းအရွှေ့ဈေးကွက်တွေထဲမှာ ကမ်းလှမ်းမှု ပြုလုပ်သွားချင်နေတယ်လို့ Football Insider ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
စပါးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဆွန်ဟောင်မင် ၊ ရစ်ချာလီဆင် ၊ ဆိုလန်ကီ ၊ ဝါနာ ၊ ကူလူဆက်ဗ်စကီး ၊ ဂျွန်ဆင် ၊ မိုက်ကီမိုးလ်တို့ ရှိနေကြပေမယ့် ဆွန်ဟောင်မင်က အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို ရစ်ချာလီဆင်ဟာလည်း ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် တိုက်စစ်ပိုင်းအတွက် အားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။
Photo Credit : The Independent
စပါး ပစ်မှတ်ထားနေတဲ့ တိုက်စစ်ကစားသမားတွေက အများအပြား ရှိနေကြပေမယ့် ဘယ်တောင်ပံရော ကွင်းလယ်တိုက်စစ်နေရာနဲ့ ကွင်းလယ်ဘယ်ခြမ်းမှာပါ ကစားနိုင်ပြီး ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ မန်စီးတီး တောင်ပံကစားသမား ဂရီးလစ်ရှ်ကို ပိုပြီး စိတ်ဝင်စားလို့နေပါတယ်။
ဗီလာ လူငယ်အကယ်ဒမီထွက် ဂရီးလစ်ရှ်ဟာ ၂၀၂၁ခုနှစ်ကမှ ဗီလာကနေ မန်စီးတီးအသင်းဆီ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀)နဲ့ ပြောင်းရွှေ့ခဲ့ပြီး အခုဆိုရင် ဂရီးလစ်ရှ်က မန်စီးတီးနဲ့အတူ စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရင်း ဒီရာသီထဲ ပြိုင်ပွဲစုံ (၁၀)ပွဲ ပါဝင်ထားရပေမယ့် (၆)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီး အခုလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
Photo Credit : Transfermarket
ဂရီးလစ်ရှ်က သူရဲ့ စီးတီး ကစားသမားဘဝ ဒုတိယမြောက် ရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမယ့် တတိယမြောက်ရာသီနဲ့ အခုရာသီမှာတော့ ဂရီးလစ်ရှ်ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရင်း ဂရီးလစ်ရှ် ခြေစွမ်းပိုင်းဟာလည်း တဖြည်းဖြည်းနဲ့ ကျဆင်းသွားခဲ့ရပါတယ်။ ဒါ့အပြင် ဂရီးလစ်ရှ်ရဲ့ အနာဂတ် အခြေအနေက အတော်လေး လှုပ်ခတ်လာခဲ့ရပါတယ်။
ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂရီးလးစ်ရှ်ကို အန့်ဂျ် ပိုစတီကိုဂလူးရဲ့ စပါးအသင်းက ခေါ်ယူသွားချင်နေပြီး မကြာခင် ဖွင့်လှစ်တော့မယ့် ဆောင်းဈေးကွက်ထဲမှာတော့ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ မလွယ်ကူနိုင်ဘဲ နွေဈေးကွက် ဖွင့်လှစ်ချိန်မှာတော့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ဖွယ် ရှိနေပါတယ်။ ဂရီးလစ်ရှ်ကိုယ်တိုင်ကတော့ အသင်းအပြောင်းအလဲ မလုပ်ချင်ဘဲ မန်စီးတီးမှာသာ ဆက်လက် ရှိသွားချင်နေပါတယ်။