တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ဥက္ကဋ္ဌ ဒန်နီယယ် လေဗီဟာ ဒီနွေရာသီမှာ ရိုဒရီဂိုကို ခေါ်ယူဖို့အတွက် ရီးယဲလ် မက်ဒရစ်နဲ့ သူတို့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို အသုံးချဖို့ ကြိုးစားနေပါတယ်။ စပါးဟာ ဘရာဇီးလ်သား ကစားသမားအတွက် ပြောင်းရွှေ့မှု ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် လီဗာပူးလ်နဲ့ အာဆင်နယ်တို့နဲ့အတူ နောက်ဆုံးဝင်ရောက်လာတဲ့ ကလပ်ဖြစ်ပါတယ်။ သို့ပေမဲ့ ရိုဒရီဂိုကတော့ ရီးယဲလ်နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ဆွေးနွေးပြီးမှ သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
စပါးဟာ ဒီနွေရာသီမှာ အလုပ်များနေခဲ့ပြီး ဝက်စ်ဟမ်းကနေ မိုဟာမက် ကူဒက်စ်ကို ခေါ်ယူခဲ့ပါတယ်။ မာသစ် တယ်လ်ကိုလည်း အငှားစာချုပ်ကနေ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ နော်တင်ဟမ် ဖောရက်စ်ကနေ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ကို ခေါ်ယူဖို့လည်း ကြိုးပမ်းခဲ့ပေမဲ့ ဥပဒေရေးရာ ပြဿနာတွေကြောင့် အပြောင်းအရွှေ့ဆွေးနွေးမှုတွေက ရပ်ဆိုင်းနေပါတယ်။
Photo Credit : Tottenham Hotspur News
အသင်းတည်ဆောက်မှုတွေ ဆက်လက် လုပ်ဆောင်နေစဉ်မှာတော့ တော့တင်ဟမ်ဥက္ကဋ္ဌ လေဗီဟာ ရီးယဲလ် မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂိုအပေါ် အာရုံစိုက်လာပါပြီ။ AS သတင်းစာရဲ့ ဖော်ပြချက်အရ ဗြိတိန် စီးပွားရေးသမား လေဗီဟာ ဘရာဇီးလ်တောင်ပံကစားသမားရဲ့ ယူရိုသန်း(၉၀) တန်ဖိုးကို လျှော့ချနိုင်ဖို့အတွက် စပိန်ထိပ်တန်းကလပ်နဲ့ သူ့ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို အသုံးချဖို့ ကြိုးစားနေပါတယ်။
အသက်(၂၄)နှစ်အရွယ် ကစားသမားကို လီဗာပူးလ် အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းကလပ်တွေက စိတ်ဝင်စားနေကြပေမဲ့ ရီးယဲလ်ကတော့ သူတို့ကစားသမားအတွက် တရားဝင်ကမ်းလှမ်းချက် တစ်ခုကိုမှ မရသေးပါဘူး။
Photo Credit : Goal
ရိုဒရီဂိုဟာ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုမှာ အနားယူ အားလပ်ရက် ခံစားနေပါတယ်။ သူဟာ နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ဆွေးနွေးပြီးမှ ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ သူ့ရဲ့ အနာဂတ်အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
အလွန်ဆိုရဲ့ ရီးယဲလ်အသင်းဟာ သူတို့ရဲ့ ၂၀၂၅-၂၆ လာလီဂါရာသီကို သြဂုတ်လ (၁၉)ရက်နေ့မှာ အိုဆာဆူနာအသင်းနဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် စတင်မှာဖြစ်ပေမဲ့ ရိုဒရီဂိုကတော့ အသင်းအတွက် ပါဝင်ကစားမလား ဒါမှမဟုတ် တခြားအသင်းသစ်ဆီ ရောက်ရှိသွားမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။