ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားရာ လိဒ်ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို မခေါ်ယူနိုင်ခဲ့ရင် အဲဗာတန်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်ကို ပြောင်းလဲ ခေါ်ယူဖို့ စီစဉ်ထားကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

စပါးက ယခု နွေဈေးကွက် အတွင်းမှာ တောင်ပံကစားသမား ပါရီဆစ် ၊ ဂိုးသမား ဖော်စတာနဲ့ ကွင်းလယ်လူ ဘစ်ဆူးမားတို့ကို ခေါ်ယူထားနိုင်ပေမယ့် ယခုချိန်အထိ ကစားသမားသစ်တွေကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပြီး တောင်ပံတိုက်စစ် နေရာကို အားဖြည့်ဖို့ဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: The Athletic

လက်ရှိအချိန်မှာတော့ စပါးက လိဒ်ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့အပြိုင် ကြိုးပမ်းနေပြီး ရာဖင်ဟာက ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားချင်နေတာကြောင့် စပါးအနေနဲ့ ရာဖင်ဟာကို ခေါ်ယူနိုင်မယ့် အလားအလာတွေ ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် တဖက်မှာ အာဆင်နယ်က ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ လိဒ်ယူနိုက်တက်နဲ့ သူ့ရဲ့ အေးဂျင့် ဒေကိုထံ ချိတ်ဆက်ကာ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေတာကြောင့် စပါးက ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ သေချာမှု မရှိပဲ စပါးရဲ့ အားကစား ဒါရိုက်တာ ပါရာတစ်စီကတော့ ရာဖင်ဟာကို မခေါ်နိုင်ခဲ့ရင် အဲဗာတန်ရဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ရစ်ချာလီဆန်ကို ပြောင်းလဲ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

Photo Credit: The Athletic

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက ရာဖင်ဟာကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပေမယ့် တဖက်မှာလည်း အဲဗာတန်နဲ့ ရစ်ချာလီဆန်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေ ပြုလုပ်ထားပြီး ရာဖင်ဟာကို မခေါ်နိုင်ခဲ့ရင် ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ကျိန်းသေပေါက် ကြိုးစားသွားမယ်လို့ သိရပါတယ်။

ယခုအချိန်မှာတော့ အဲဗာတန်က စပါးရဲ့ ကွင်းလယ်လူ ဟယ်ရီဝင်ခ့်ကို ခေါ်ယူချင်နေတာကြောင့် စပါးက ဟယ်ရီဝင့်ခ် + သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေကာ ရစ်ချာလီဆန်ကို ခေါ်ယူရန် ကြိုးစားလာဖွယ် ရှိနေပါတယ်။