ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ဒီရာသီမှာ သူတို့အသင်းရဲ့ ကွင်းလယ်ကို အဓိက မောင်းနှင်ပေးနေတဲ့ ကွင်းလယ်လူ ဂါလက်ချာကို မြို့ခံပြိုင်ဘက်ဆီ စပါးဆီ ရောင်းချဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူ ဂါလက်ချာက ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကွင်းလယ်လူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးရဲ့ ဒုတိယ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားနေပါတယ်။

Photo Credit: Sky Sports

ဂါလက်ချာက ဒီရာသီမှာ ချယ်လ်ဆီးရဲ့ ပွဲစဉ်တိုင်းနီးပါးကို ဝင်ရောက် ကစားပေးထားပြီး လုပ်အားနှုန်း ကောင်းမွန်သလို အသင်းဖော်တွေ အတွက် အကွက်မြင်မြင် ဖန်တီးပေးနိုင်မှုတွေကြောင့် ချယ်လ်ဆီးရဲ့ ကွင်းလယ်အင်ဂျင် အဖြစ် တင်စားခံထားရသူပါ။

ဂါလက်ချာက ချယ်လ်ဆီးနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားပေမယ့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ထိန်းညှိဖို့ အတွက် ပြောင်းရွှေ့ကြေး များများစားစား ရမယ့် ဂါလက်ချာကို ရောင်းထုတ်ချင်နေပြီး စပါး အပါအဝင် ပရီးမီးယားလိဂ် ကလပ်တချို့က ဂါလက်ချာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Tribuna

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ စပါးက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အတွက် ဂါလက်ချာကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို စပါးနဲ့ ချယ်လ်ဆီးတို့ ကြားထဲမှာ ဂါလက်ချာ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဂါလက်ချာက ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်ပေးထားနိုင်ပြီး သူက ချယ်လ်ဆီးရဲ့ ဗဟိုကွင်းလယ် ကစားသမားတွေ အနက် စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားလည်း ဖြစ်ပါတယ်။