တော့တင်ဟမ် ဟော့စပါးအသင်းဟာ ဂျပန်ကလပ် ကာဝါဆာကီ ဖရွန်တေးလ်အသင်းရဲ့ ဂျပန်လက်ရွေးစင် ဗဟိုနောက်ခံလူ ကိုတာ တာကိုင်းကို ပေါင် ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။ ဒီပြောင်းရွှေ့ကြေးဟာ ဂျေလိဂ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Football.London မှ သတင်းထောက် Alasdair Gold ရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ အသက် ၂၀ အရွယ် နောက်ခံလူ တာကိုင်းကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး သူဟာ လာမယ့်ရာသီမှာ စပါးအသင်းကြီးရဲ့ လူစာရင်းမှာပါ ပါဝင်ကစားခွင့်ရဖို့ အလားအလာကောင်းနေပါတယ်။

Photo Credit : Optus Sport

သူ့ကို စပါးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်သူ ဂျိုဟန် လန်းဂ်က အဓိက စောင့်ကြည့်ပြီး ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကာ အသင်းမှာ ခြေစွမ်းပြ တိုးတက်လာခဲ့ကြတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ လူးကပ်စ် ဘာ့ဂ်ဗယ်လ်၊ ပါပေ မာတာ ဆား နဲ့ ဒက်စတင်နီ အူဒိုဂီတို့လိုပဲ အလားအလာကောင်းရှိတဲ့ ကစားသမားတစ်ဦးအဖြစ် ရှုမြင်ထားပါတယ်။

ကိုတာ တာကိုင်းဟာ ဂျပန်လက်ရွေးစင်အသင်းကြီးအတွက် ၄ ပွဲအထိ ပါဝင်ကစားထားပြီး လက်ရှိ ဂျေလိဂ်ရာသီမှာလည်း ပွဲစဉ်တိုင်း ပါဝင်ကစားထားကာ သွင်းဂိုး ၂ ဂိုးအထိ ရရှိထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၉ ပွဲအထိ ကစားထားတဲ့ အတွေ့အကြုံရှိတာကြောင့် နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ အသင်းလူစာရင်းမှာ ချက်ချင်းအံဝင်နိုင်လောက်တဲ့ အရည်အသွေးနဲ့ အတွေ့အကြုံရှိတယ်လို့ သုံးသပ်ခံထားရပါတယ်။

Photo Credit : Goal

စပါးအသင်းဟာ ဒီနွေရာသီမှာ ကစားသမားနှစ်ဦးကို ခေါ်ယူမှု အပြီးသတ် ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ဇန်နဝါရီက အငှားနဲ့ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ ကယ်ဗင် ဒန်ဆိုကို အပြီးသတ်ခေါ်ယူခွင့် သဘောတူညီချက်အရ အပြီးသတ်ဝယ်ယူခဲ့သလို မားတစ်စ် တဲလ်ကိုလည်း ပေါင် သန်း ၃၀နဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။

စပါးအသင်းဟာ တာကိုင်းရဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပြီး လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ လူတန်တောင်းအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပါတယ်။