တော့တင်ဟမ် ဟော့စပါးအသင်းဟာ ပြိုင်ဘက် အာဆင်နယ်အသင်းထံ အီဘီရီချီ အက်ဇေးကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်းမှာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ မန်ချက်စတာ စီးတီး တောင်ပံကစားသမား ဆာဗင်ဟိုအတွက် နောက်တစ်ကြိမ် ကမ်းလှမ်းမှုအသစ် ပြုလုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

စပါးအသင်းဟာ ဒီကနေ့ (စနေနေ့)မှာ မန်စီးတီးနဲ့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားပြီးနောက် စီးတီးတောင်ပံကစားသမား ဆာဗင်ဟိုအတွက် ယူရို သန်း(၇၀)ကျော်တန်ဖိုးရှိတဲ့ ကမ်းလှမ်းမှုအသစ်ကို တင်သွင်းပြီး စီးတီးရဲ့ သန္နိဋ္ဌာန်ကို စမ်းသပ်သွားမယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

Photo Credit : Goal

အီတလီအားကစားသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ ဒီသီတင်းပတ်ကုန်အပြီးမှာ ဆာဗင်ဟိုအတွက် ကမ်းလှမ်းမှုကို တိုးမြှင့်သွားမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ပြီးခဲ့တဲ့ (၁၀)ရက်အတွင်း စပါးအသင်းရဲ့ ချဉ်းကပ်မှုမှန်သမျှကို ပိတ်ဆို့ထားခဲ့ပြီး ဘရာဇီးလ်ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိကြောင်း ပြသထားပါတယ်။

စပါးနည်းပြ သောမတ်စ် ဖရန့်ခ်ဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆင်နဲ့ ဒေဂျန် ကူလူဆက်ဗ်စကီးတို့ ဒဏ်ရာရရှိနေတာကြောင့် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စိတ်အားထက်သန်နေပါတယ်။ အထူးသဖြင့် အာဆင်နယ်ထံ ပေါင် (၆၇.၅)သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ အက်ဇေးကို လက်လွှတ်ခဲ့ရပြီးနောက် ဆာဗင်ဟိုဟာ သူတို့အသင်းအတွက် အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

Photo Credit : Spurs Web

အသက် (၂၁)နှစ်အရွယ် ဆာဗင်ဟိုရဲ့ အရှိန်အဟုန်နဲ့ ဖန်တီးနိုင်စွမ်းတွေဟာ နည်းပြဖရန့်ခ်ရဲ့ ကစားဟန်အတွက် အကောင်းဆုံးကိုက်ညီမှုရှိတယ်လို့ စပါးဘက်က ယုံကြည်နေပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးကတော့ ပြီးခဲ့တဲ့ရာသီက ဂျီရိုနာအသင်းမှာ အငှားနဲ့ ခြေစွမ်းပြပြီး ဥရောပရဲ့ လူကြိုက်အများဆုံး လူငယ်တောင်ပံကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ ဆာဗင်ဟိုကို အနာဂတ်အတွက် အဓိကကစားသမားအဖြစ် သတ်မှတ်ထားတာကြောင့် လက်လွှတ်လိုခြင်း မရှိပါဘူး။

မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာကလည်း ဆာဗင်ဟိုဟာ ကြံ့ခိုင်မှုအနည်းငယ် ပြဿနာရှိတာကြောင့် စပါးနဲ့ကစားမယ့်ပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ စပါးအသင်းဟာ ဒီကနေ့ပွဲစဉ်အပြီးမှာ ယူရို သန်း (၇၀)ကျော်တန်ဖိုးရှိတဲ့ ကမ်းလှမ်းမှုသစ်ကို တင်သွင်းပြီး မန်စီးတီးအသင်းရဲ့ သဘောထားကို ပြောင်းလဲလာအောင် ဖိအားပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ကစားသမားကိုယ်တိုင်က ပြောင်းရွှေ့ဖို့ တွန်းအားပေးလာခဲ့မယ်ဆိုရင်တော့ စီးတီးအသင်းအပေါ် ဖိအားတွေ ပိုမိုများပြားလာနိုင်ပါတယ်။ လောလောဆယ်မှာတော့ စပါးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ နာမည်ကြီးကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးပမ်းနေပါတယ်။