ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဟယ်ရီကိန်းကသာ အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုလာခဲ့ရင် လာမယ့် နွေဈေးကွက်မှာ ဟယ်ရီကိန်းကို ရောင်းချဖို့ စတင် စဉ်းစားလာကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ပြီး သူက သူ့ရဲ့ ကစားသမား ဘဝ တခုလုံးကို စပါးမှာသာ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Telegraph

ဟယ်ရီကိန်းက စပါးမှာ ဆယ်စုနှစ် တစုကြာအောင် ကစားခဲ့ရာ စပါးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပေမယ့် ဆုဖလားတွေ တလုံးမှ မရရှိသေးပဲ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှု အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီသာ ရောက်ရှိဖူးပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာလည်း ဟယ်ရီကိန်းရဲ့ စပါးက ချန်ပီယံလိဂ် ၊ အက်ဖ်အေနဲ့ ကာရာဘောင်းဖလား စတဲ့ ပြိုင်ပွဲတွေ အားလုံးကနေ ထွက်ခွာခဲ့ရသလို လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရဖို့တောင် မလွယ်ကူပဲ အဆိုပါ အခြေအနေတွေကြောင့် ဟယ်ရီကိန်းဟာ လာမယ့် နွေဈေးကွက်မှာ စပါးကို စွန့်ခွာဖို့ စတင် စဉ်းစားနေပါတယ်။

Photo Credit: Telegraph

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟယ်ရီကိန်းဟာ လာမယ့် နွေဈေးကွက်မှာ စပါးကို စွန့်ခွာဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ပြီး စပါးကလည်း စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဟယ်ရီကိန်းကို စာချုပ်သစ် မချုပ်ဆိုနိုင်ရင် လာမယ့် နွေဈေးကွက်မှာ ရောင်းချဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

နောက်ထပ် ယုံကြည် စိတ်ချရတဲ့ သတင်းဌာန တခု ဖြစ်တဲ့ Timesကလည်း ဟယ်ရီကိန်းဟာ စပါးကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး စပါးက ဟယ်ရီကိန်းကို ရောင်းချဖို့ ဆန္ဒရှိနေပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကို တခါထဲ ပေးချေနိုင်မယ့် အသင်းဆီသာ ဟယ်ရီကိန်းကို ရောင်းချဖို့ ဆုံးဖြတ်ထားကာ အရစ်ကျစနစ်နဲ့ ကမ်းလှမ်းလာမယ် ဆိုရင် လက်မခံဘူးလို့ ဆိုပါတယ်။