ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ စီနီယာ ကစားသမား တချို့က လတ်တလောမှာ အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီရဲ့ အနာဂတ် မရေမရာ ဖြစ်လာပြီးနောက် အသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ပိုချက်တီနိုထံ ဆက်သွယ်ကာ အသင်းဆီ ပြန်လာဖို့ တောင်းဆိုခဲ့ကြကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

စပါးက အီတလီလူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ ကွန်တီရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေပေမယ့် ကွန်တီက ပြီးခဲ့တဲ့အပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆောက်သမ်တန် ၃-၃ စပါး ပွဲစဉ်အပြီးမှာ အသင်းရဲ့ ကစားသမားတွေ ၊ တာဝန်ရှိသူတွေနဲ့ ဘုတ်အဖွဲ့ကို အပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: The Sun

အသင်းရဲ့ တာဝန်ရှိသူတွေကို လူသိရှင်ကြား ဝေဖန်ခဲ့မှုကြောင့်ပဲ စပါးရဲ့ ဘုတ်အဖွဲ့က ကွန်တီကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြင်ဆင်နေကြပြီး စပါးဥက္ကဌ လီဗိုင်းရဲ့ အတည်ပြုချက် ရတာနဲ့ စပါးဟာ ကွန်တီကို ရာထူးကနေ ထုတ်ပယ်တော့မယ်လို့လည်း နီးစပ်သူတွေက ဆိုထားကြပါတယ်။

လက်ရှိမှာတော့ စပါးရဲ့ တာဝန်ရှိသူတွေက ကွန်တီရဲ့ နေရာကို အစားဝင်မယ့် နည်းပြတွေကို စတင် ရှာဖွေနေပြီး စပါးဟာ အသင်းရဲ့ နည်းပြဟောင်း ပိုချက်တီနို ၊ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်တို့ထဲက တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးရဲ့ စီနီယာ ကစားသမားတွေထဲက တချို့ဟာ ပိုချက်တီနိုကို အသင်းရဲ့ နည်းပြအဖြစ် ပြန်လည် မြင်တွေ့ချင်နေကြပြီး အဆိုပါ ကစားသမားတွေဟာ ပိုချက်တီနိုထံ လျို့ဝှက် ဆက်သွယ်ကာ အသင်းဆီ ပြန်လာဖို့ စည်းရုံးနေကြကြောင်း သိရပါတယ်။

တဖက်မှာ ပိုချက်တီနိုကလည်း အသင်းဟောင်း စပါးဆီ ပြန်လာဖို့ စိတ်ဝင်စားနေပြီး ပိုချက်တီနိုက ဒီတခေါက် စပါးဆီ ပြန်ရောက်ရင် အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်မယ့် ရေရှည် စီမံကိန်း တခုကို အကောင်အထည် ဖော်ချင်နေကြောင်း အာဂျင်တီးနား အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။