ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ် အသင်းနှစ်သင်း ဖြစ်တဲ့ နယူးကာဆယ်နဲ့ စပါးတို့က အက်စ်တွန်ဗီလာနဲ့အတူ တောက်ပနေတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဂျာကော့ဘ် ရမ်ဆေးကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန် ယူ-၂၁ လက်ရွေးစင် ဂျာကော့ဘ် ရမ်ဆေးက ကွင်းလယ်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက နောက်ချန်တိုက်စစ် ၊ ဗဟိုကွင်းလယ် စတဲ့ နေရာတွေမှာလည်း ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Live Scores

ဂျာကော့ဘ် ရမ်ဆေးက ကစားအား ကောင်းသလို အရည်အသွေးမြင့်တဲ့ လူငယ်ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ဒီရာသီမှာ ဗီလာရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို အဓိက ချိတ်ဆက်ပေးသူ ဖြစ်ကာ ရမ်ဆေးက ဗီလာအတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး ရရှိထားပါတယ်။

လက်ရှိမှာတော့ ဥရောပ နာမည်ကြီးကလပ်တွေက ဂျာကော့ဘ် ရမ်ဆေးကို စောင့်ကြည့်မှုတွေ လုပ်နေကြပြီး ဒေးဗစ် အွန်စတိန်းကတော့ ဘိုင်ယန်မြူးနစ် ၊ စပါးနဲ့ နယူးကာဆယ်တို့ရဲ့ ကင်းထောက်တွေက ရမ်ဆေးရဲ့ ခြေစွမ်းကို စောင့်ကြည့် အကဲခတ်မှုတွေ လုပ်နေကြကြောင်း ဆိုထားပါတယ်။

Photo Credit: Goal

ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ် ၊ စပါးနဲ့ နယူးကာဆယ်တို့က ရမ်ဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နယူးကာဆယ်က ရမ်ဆေးအတွက် ဆက်သွယ်မှုတွေပါ လုပ်ထားကာ ဗီလာကတော့ ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင် ကမ်းလှမ်းမှု ရောက်လာရင် ရမ်ဆေးကို ရောင်းချဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။

နယူးကာဆယ်က ရမ်ဆေးကို ခေါ်ယူချင်နေပေမယ့် FFP စည်းမျဉ်းကြောင့် ရမ်ဆေးကို မခေါ်ယူခင် ရှိရင်းစွဲ ကစားသမားတွေထဲက တဦးကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်နေပြီး နယူးကာဆယ်နဲ့ နီးစပ်သူတွေကတော့ နယူးကာဆယ်ဟာ ရမ်ဆေးကို လာမယ့် နွေဈေးကွက် ရောက်မှသာ ဝယ်ယူနိုင်ဖွယ် ရှိကြောင်း သုံးသပ်ထားပါတယ်။