တော့တင်ဟမ် ဟော့စပါးအသင်းကတော့ အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမား (၂)ဦးကို ပစ်မှတ်ထားလျက် ရှိနေပြီး ဖိုင်ယင်နော့အသင်းရဲ့ မက္ကဆီကို တိုက်စစ်မှူး ဆန်တီယာဂို ယီမင်နက်ဇ်ကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

စပါးအသင်းက ဒီနွေမှာပဲ အသင်းရဲ့ ထိပ်တန်း တိုက်စစ်မှူး ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချခဲ့ပြီးနောက် တိုက်စစ်ပိုင်း ဘရန်ဒန် ဂျွန်ဆင်နဲ့ တီမို ဝါနာတို့ကို အစားထိုးခဲ့ပေမယ့် ဒီကစားသမားတွေက ကိန်းနေရာအတွက် တိုက်ရိုက် အစားထိုးနိုင်ခြင်း မရှိသလို တောင်ပံတိုက်စစ် နေရာတွေမှာ အဓိက ကစားသူတွေပါ ဖြစ်နေရပါတယ်။

ဒါကြောင့် စပါးက လာမယ့်နွေမှာ အထောင်တိုက်စစ်နေရာအတွက် ကစားနိုင်တဲ့ အထောင်တိုက်စစ်မှူးကိုပဲ ဦးစားပေး အလိုရှိလာခဲ့ပြီး လတ်တလောမှာတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးနဲ့ ဖိုင်ယင်နော့ တိုက်စစ်မှူး ယီမီနက်ဇ်တို့ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး တိုနေးက ပရီးမီးယားလိဂ်နဲ့ အသားကျနေသူ ဖြစ်ပေမယ့်လည်း သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေက အများအပြား ရှိနေသလို ပြောင်းရွှေ့ကြေးလည်း မြင့်မားကောင်း မြင့်မားနိုင်တာကြောင့် စပါးက တိုနေးထက် ယီမီနက်ဇ်ကို ပိုမို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူး ယီမီနက်ဇ်က ဒီရာသီမှာ ဖိုင်ယင်နော့အတွက် (၃၈)ပွဲကစား (၂၄)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ခဲ့ပြီး အတော်လေး ခြေစွမ်းပြသနေတာကြောင့် ဥရောပ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ဒီထဲမှာ စပါးအသင်းပါ ပါဝင်လို့နေပါတယ်။

စပါးအသင်းက အထောင်တိုက်စစ်မှူး ယီမီနက်ဇ်အပြင် ဂျီနိုအာအသင်းမှာ ခြေစွမ်းပြသနေတဲ့ အိုက်စလန် တိုက်စစ်ကစားသမား အယ်လ်ဘတ် ဂူမန်ဆန်ကိုပါ အလိုရှိနေပါတယ်။ ဂူမန်ဆန်ကတော့ တောင်ပံနှစ်ဖက်မှာရော နောက်ချန်တိုက်စစ်အဖြစ်ပါ ကစားနိုင်သူဖြစ်ပြီး ဒီရာသီမှာလည်း ဂျီနိုအာအတွက် (၁၄)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့ပါတယ်။