ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ယမန်နေ့ညမှာပဲ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျာမဏီနည်းပြ နစ်ဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ရင် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမဏီလူမျိုး နည်းပြဖြစ်သူ နစ်ဂယ်စမန်းက ထိပ်တန်း နည်းပြတဦး ဖြစ်ပြီး သူ့ရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်​တွေ ၊ လူငယ်တွေကို နေရာပေးတတ်မှု ၊ ပွဲကြီးတွေမှာ နည်းစနစ် အပြောင်းအလဲကို အကောင်းဆုံး လုပ်ဆောင်တတ်မှုတို့ကြောင့် အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: Football London

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၀သန်း ဝန်းကျင် အထိ ပေးကာ နစ်ဂယ်စမန်းကို အသင်းဆီ ရအောင် ခေါ်ခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာ နစ်ဂယ်စမန်းကို ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

နစ်ဂယ်စမန်းက ဘိုင်ယန်မြူးနစ်ဆီ စတင် ရောက်ရှိတဲ့ ရာသီမှာပဲ ဂျာမန် စူပါဖလားနဲ့ ဘွန်ဒက်လီဂါဖလားတို့ကို အရယူပေးခဲ့ပေမယ့် သူဟာ ဘိုင်ယန်မြူးနစ်ရဲ့ စီနီယာ ကစားသမားတွေ ဖြစ်တဲ့ နူအာ ၊ မူလာ ၊ ကင်းမစ်ချ် စတဲ့ ကစားသမားတွေနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက အသင်းတွင်း စည်းလုံးမှု ပြိုကွဲစေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ယမန်နေ့ညမှာပဲ နစ်ဂယ်စမန်းကို ရာထူးကနေ ထုတ်ပယ်ကာ နောက်ထပ် ဂျာမန်လူမျိုး နည်းပြ တဦး ဖြစ်သူ တူဟယ်လ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit: Football London

ဘိုင်ယန်မြူးနစ်က နစ်ဂယ်စမန်းကို ရာထူးကနေ ဖယ်ရှားခဲ့ပေမယ့် သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့တာ မဟုတ်ပဲ နစ်ဂယ်စမန်း တယောက် အသင်းသစ် မရမချင်း စာချုပ်ပါ အချက်အလက်တွေ အတိုင်း လုပ်ခလစာကို အပြည့်အဝ ပေးချေသွားမယ်လို့ ကြေညာထားပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးနဲ့ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်တို့က နစ်ဂယ်စမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောရဲ့ ဖော်ပြချက်အရ စပါးဥက္ကဌ လီဗိုင်းက သူတို့အသင်းရဲ့ နည်းပြချုပ် ကွန်တီကို နစ်ဂယ်စမန်းနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေပြီး စပါးဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ နစ်ဂယ်စမန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံကာ နစ်ဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်နေကြောင်း သိရပါတယ်။