ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်းအတွက် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာတော့မယ် လို့ သတင်းကြီးနေတဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဘောလုံးအေးဂျင့် တဦး ဖြစ်သူ ပေါလ် အို ကဲဖီက အခိုင်အမာ ဆိုလာပါတယ်။

စပါးက ယခုနှစ် ဘောလုံးရာသီမှာ နည်းပြအပြောင်းအလဲလုပ်မှု ၊ ခံစစ်တိုက်စစ် စွမ်းဆောင်ရည် ကျဆင်းမှုနဲ့ အားကိုးရတဲ့ ကစားသမားတွေ အသက်အရွယ် ရလာမှုတို့ကြောင့် ရလဒ်တွေ ဆက်တိုက် ဆိုးဝါးခဲ့ပြီး ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ အထိ အခြေအနေ ဆိုးခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ စပါးဥက္ကဌ လီဗိုင်းက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ များစွာ လုပ်ဖို့ ဆုံးဖြတ်ထားပြီး ပထမဦးဆုံးအနေနဲ့ စပါးက အသင်းရဲ့ ခံစစ်ကြောင်းမှာ ရိုမဲရိုးနဲ့အတူ တွဲဖက် ကစားနိုင်မယ့် အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူချင်နေပါတယ်။

စပါးက ခံစစ်ပိုင်းမှာ ရိုမဲရိုး ၊ လန်းဂ်လက် (အငှား) ၊ ဒါဗီဆန် ဆန်းချက်ဇ် ၊ အဲရစ် ဒိုင်ယာ စတဲ့ ဗဟိုခံစစ်မှူး ၄ဦးကိုသာ ပိုင်ဆိုင်ထားပြီး အဆိုပါ ၄ဦးအနက် အဲရစ် ဒိုင်ယာက ဗဟိုခံစစ် ကစားသမား စစ်စစ် မဟုတ်သလို ဆန်းချက်ဇ်ရဲ့ ခြေစွမ်းကလည်း အတော်လေးကို ကျဆင်းနေပါတယ်။

Photo Credit: Talksports

ဒါ့အပြင် လန်းဂ်လက်ကလည်း သူ့ရဲ့ မိခင်ကလပ် ဘာစီလိုနာဆီ ပြန်တော့မှာ ဖြစ်တာကြောင့် စပါးက ဗဟိုခံစစ်မှူးသစ် တဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပြီး စပါးရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ ဗဟိုခံစစ် အတွက် ကစားသမား ရှာပုံတော် ဖွင့်နေရာမှာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကိုပါ သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပါတယ်။

နာမည်ကြီး အင်္ဂလန် ဘောလုံးအေးဂျင့် ဖြစ်သူ အို ကဲဖီရဲ့ ပြောဆိုချက်အရ စပါးက သူတို့ရဲ့ ခံစစ်ကြောင်း အတွက် အင်္ဂလန်ရဲ့ အဓိက ဗဟိုခံစစ်မှူး တဦး ဖြစ်တဲ့ မက်ဂွိုင်းယားကို ခေါ်ယူဖို့ မျက်စိကျနေပြီး မက်ဂွိုင်းယားကလည်း ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာတဲ့ စပါးဆီ ပြောင်းဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။