ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဗဟိုခံစစ်ပိုင်း အတွက် ပြင်သစ်ကလပ် နိုက်စ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဗဟိုနောက်ခံလူ တိုဒီဘိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

စပါးက ဒီရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပေမယ့် သူတို့အသင်းရဲ့ လူစာရင်းမှာ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပြီး အထင်ရှားဆုံး အားနည်းချက်ကတော့ ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့ နှစ်ဦးထဲသာ အမာခံ အဖြစ် ရှိနေတဲ့ ဗဟိုခံစစ်ပိုင်းပဲ ဖြစ်ပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ စပါးနည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူက လာမယ့် ဆောင်းဈေးကွက်မှာ အရည်အသွေးမြင့် ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူပေးဖို့ စပါးရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပြီး စပါးရဲ့ တာဝန်ရှိသူတွေကလည်း ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူပေးဖို့ စတင် ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ စပါးက တိုဒီဘိုကို ခေါ်ယူဖို့ ကစားသမားနဲ့ရော ၊ နိုက်စ်ရဲ့ တာဝန်ရှိသူတွေနဲ့ပါ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီး တိုဒီဘိုကလည်း စပါးထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Standard

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ တိုဒီဘိုက ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာ ကနေ နိုက်စ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ၄နှစ်တာ ကာလအတွင်းမှာ နိုက်စ်အတွက် ပြိုင်ပွဲစုံမှာ ၁၁၇ပွဲ အထိ ပါဝင် ကစားနိုင်ခဲ့ပါတယ်။

ညာခြေအားသန် ဗဟိုနောက်ခံလူ တိုဒီဘိုက လျင်မြန်သလို ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်ပြီး လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် စပါးဟာ တိုဒီဘိုကို ခေါ်ယူချင်ရင် ခပ်သွက်သွက် လှုပ်ရှားဖို့ လိုအပ်နေပါတယ်။