ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ဘွန်ဒက်လီဂါကလပ် ဝုဖ်ဘက်ရဲ့ ဗဟိုနောက်ခံလူ ဗန်ဒီဗန်ကို ခေါ်ယူဖို့ ကစားသမားနဲ့ရော ဝုဖ်ဘက်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

စပါးက ဩစတေးလျနည်းပြ ပိုစတီဂိုဂလူကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးနောက် ပိုစတီဂိုဂလူရဲ့ တောင်းဆိုမှုအတိုင်း ကစားသမားသစ်တွေကို ခေါ်ယူပေးနေပြီး လက်စတာ စီးတီးရဲ့ ကွင်းလယ်လူ မက်ဒီဆန်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းနဲ့ ခေါ်ယူထားနိုင်ပါတယ်။

Photo Credit: Goal

အသက် ၂၂နှစ် အရွယ် နယ်သာလန် ယူ-၂၁ လက်ရွေးစင် ဗဟိုနောက်ခံလူ ဗန်ဒီဗန်က ဘယ်ခြေအားသန် ဗဟိုနောက်ခံလူ တဦး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဝုဖ်ဘက်အတွက် ပြိုင်ပွဲစုံ ၃၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဗန်ဒီဗန်က ဘောလုံးပေးပို့ရာမှာ ထူးချွန်သလို အတော်လေး မြန်တဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးကလည်း စပါးနဲ့အပြိုင် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Team Talk

စပါးကတော့ အခြားထိပ်သီးအသင်းတွေက ဗန်ဒီဗန်ကို ခေါ်ယူဖို့ မကြိုးစားလာခင်မှာပဲ ဗန်ဒီဗန်ကို အပြီးသတ် ခေါ်ယူနိုင်အောင် အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး စပါးရဲ့ တာဝန်ရှိသူတွေက ဗန်ဒီဗန်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေသလို ယမန်နေ့မှာလည်း ဝုဖ်ဘက်ထံ စတင် ဆက်သွယ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက ဗန်ဒီဗန်ကို ခေါ်ယူဖို့ အတွက် ဝုဖ်ဘက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဗန်ဒီဗန်က စပါးဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကာ ဝုဖ်ဘက်ကတော့ ဗန်ဒီဗန်အတွက် ပြောင်းရွှေ့ကြေး ယူရို  ၄၀သန်း ဝန်းကျင် အထိ လိုချင်နေကြောင်း သိရပါတယ်။