ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ဘရိုက်တန်ကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ထရော့ဆက်ကို ခေါ်ယူရန် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ထရော့ဆက်က ဘရိုက်တန်နဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် သွင်းဂိုး ၇ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Football 365

ထရော့ဆက်က ဘရိုက်တန်ရဲ့ အဓိက ကစားသမား အဖြစ် ကာလရှည် ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပေမယ့် နည်းပြသစ် ဒီဇာဘီရဲ့ လက်ထက်မှာတော့ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရသလို သူနဲ့ ဒီဇာဘီတို့ရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့ကာ ပြီးခဲ့တဲ့ အပတ်မှာပဲ ဒီဇာဘီက ထရော့ဆက်ကို လေ့ကျင့်ရေးကွင်းကနေ သူ့ကို အသိမပေးပဲ ထွက်ခွာသွားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ထရော့ဆက်အား အသင်းရဲ့ လူစာရင်းထဲ ကနေ ထုတ်ပယ်ခဲ့ပါတယ်။

ထရော့ဆက်ကလည်း ဒီဇာဘီနဲ့ ဆက်လက် လက်မတွဲလိုတော့တာကြောင့် သူ့ရဲ့ အေးဂျင့်ကနေ တဆင့် အသင်းပြောင်းခွင့် ပေးဖို့ ဘရိုက်တန်ထံ တောင်းဆိုထားပြီး ဘရိုက်တန်ကလည်း ဒီဇာဘီနဲ့ ထရော့ဆက်တို့ရဲ့ ပြဿနာကြောင့် ထရော့ဆက်ကို အသင်းပြောင်းခွင့် ပေးရပါတော့မယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ စပါးက ထရော့ဆက်ကို ခေါ်ယူဖို့ အတွက် ထရော့ဆက်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို ဘရိုက်တန်ထံလည်း နှုတ်အားဖြင့် ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားပြီး မကြာခင်မှာပဲ စပါးဟာ ထရော့ဆက် အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရပါတယ်။

ဘရိုက်တန်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား ထရော့ဆက် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပါတယ်။