ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့် နွေဈေးကွက် အတွင်းမှာ ပြည်တွင်းပြိုင်ဘက်တွေဆီ မရောင်းချဖို့ ဆုံးဖြတ်ထားပြီး အကယ်၍ ဟယ်ရီကိန်းကို ဝယ်မယ့်အသင်း မရှိရင်လည်း အသင်းမှာသာ စာချုပ်ကုန်တဲ့ အထိ ဆက်ထိန်းထားဖို့ ကြံရွယ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်သလို သူ့ရဲ့ ကစားသမား ဘဝ တလျှောက်လုံး စပါးအတွက်သာ ကစားပေးခဲ့သူပါ။

Photo Credit: Sky Sports

ဟယ်ရီကိန်းက သူ့ရဲ့ ကစားသမား ဘဝ တခုလုံးကို စပါးမှာသာ မြှုပ်နှံခဲ့သူ ဖြစ်ပေမယ့် လက်ရှိချိန် အထိ ပရော်ဖက်ရှင်နယ် ဆုဖလား တလုံးမှ မကိုင်မြှောက်ထားနိုင်တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ၁နှစ်သာ လိုတော့ချိန်မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးက ကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း ဝန်းကျင် သုံးစွဲဖို့ အသင့် ပြင်ထားကြပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးဥက္ကဌ လီဗိုင်း အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းကို အသင်းမှာသာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေကြသလို ဟယ်ရီကိန်းကို ပြည်တွင်းပြိုင်ဘက်တွေဆီ မရောင်းချဖို့ ဆုံးဖြတ်ထားကာ ပြည်ပကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေ ရောက်လာမှသာ ဟယ်ရီကိန်းကို ရောင်းချဖို့ စဉ်းစားမယ်လို့ သိရပါတယ်။

ဟယ်ရီကိန်းကတော့ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ မှတ်တမ်းကို အရယူချင်နေသူ ဖြစ်တာကြောင့် စပါးကနေ ထွက်ခွာဖြစ်ခဲ့ရင်လည်း ပရီးမီးယားလိဂ် အသင်းတွေမှာသာ ဆက်ကစားဖို့ စိတ်ဆန္ဒရှိနေပြီး ဟယ်ရီကိန်းဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ စပါးကနေ မထွက်ခွာဖြစ်ခဲ့ရင် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အကုန်မှာ စပါးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ် ရှိပါတယ်။