ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက မကြာခင်မှာ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့တော့မယ့် အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ချယ်လ်ဆီး တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

စပါးက အသက် ၃၀ အရွယ် အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော်နဲ့ ရောင်းချဖို့ ယမန်နေ့မှာပဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာတော့ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ကာ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ပြင်ဆင်နေသလို စပါးရဲ့ တာဝန်ရှိသူတွေကလည်း ဟယ်ရီကိန်းရဲ့ နေရာအား အစားဝင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို လိုက်လံ ရှာဖွေနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ​ဂေဇက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးရဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းရဲ့ အစားထိုးမှု အဖြစ် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်သလို လတ်တလောမှာ အသင်းပြောင်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

Photo Credit: Tribuna

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူက ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ အင်တာမီလန် စတဲ့ အသင်းတွေမှာ ကစားခဲ့တဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး ဖြစ်ပြီး သူက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၂၁ဂိုး အထိ သွင်းယူထားသူပါ။

ချယ်လ်ဆီးကတော့ အသင်းကနေ ရှင်းထုတ်ဖို့ စဉ်းစားထားတဲ့ လူကာကူ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် လိုချင်နေပြီး စပါးက လူကာကူကို ခေါ်ယူမယ် ၊ မခေါ်ယူဘူး ဆိုတာကို လာမယ့်ရက်ပိုင်းအတွင်း ဆုံးဖြတ်ဖွယ် ရှိပါတယ်။