ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ရဲ့ ကာလရှည် ပစ်မှတ် ခံစစ်မှူး တဦး ဖြစ်သူ တိုရီနို ခံစစ်မှူး ဘရီမာကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း တိုရီနိုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

စပါးက အီတလီလူမျိုး ထိပ်တန်းနည်းပြ အန်တိုနီယို ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရခဲ့တာကြောင့် လာမယ့်ရာသီမှာတော့ နောက်တဆင့် တက်တဲ့ အနေနဲ့ အသင်းကို မန်ချက်စတာ စီးတီး ၊ လီဗာပူး ၊ ချယ်လ်ဆီးတို့လို အင်အားကြီး အသင်းတွေနဲ့ ရင်ဆိုင်နိုင်အောင် ယခု နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို ခပ်သွက်သွက် ပြုလုပ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

စပါးက ယခု နွေဈေးကွက် အတွင်းမှာ ခရိုအေးရှား ဝါရင့် တောင်ပံတိုက်စစ် ပါရီဆစ် ၊ အင်္ဂလန် ဝါရင့် ဂိုးသမား ဖော်စတာတို့ကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားနိုင်သလို ဘရိုက်တန် ကွင်းလယ်ခံစစ် ကစားသမား ဘစ်ဆူးမားကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတဲ့ အပြင် မစ်ဒယ်ဘရော့ လူငယ်ကြယ်ပွင့် ဒီဂျက် စပန့်စ်ကိုပါ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

ယခုတခါမှာလည်း စပါးက တိုရီနိုရဲ့ အဓိက ခံစစ်မှူး ဘရီမာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး စပါးက အသင်းရဲ့ ဗဟိုခံစစ်နေရာ အတွက် ဘရီမာကို ခေါ်ယူဖို့ ဘရီမာရဲ့ အေးဂျင့်နဲ့ သဘောတူညီမှု ရရှိထားကြောင်း တိုရီနိုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ Torino Granataက ဆိုပါတယ်။

Photo Credit: Team Talk

Torino Granataရဲ့ ဖော်ပြချက်အရ တိုရီနိုက ဘရီမာအတွက် စပါးရဲ့ တရားဝင် ကမ်းလှမ်းမှုကို စောင့်မျှော်နေသလို ဘရီမာကလည်း စပါးထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပြီး တိုရီနိုက ဘရီမာအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိထားရပါတယ်။

ဘရာဇီးလ် ခံစစ်မှူး ဘရီမာက ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ အီတလီ စီးရီးအေ အကောင်းဆုံး နောက်ခံလူဆုကို ရရှိထားသူ တဦး ဖြစ်ပြီး စပါးနည်းပြ ကွန်တီက အင်တာမီလန် ခံစစ်မှူး ဘာစတိုနီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့တာကြောင့် ဘရီမာကို ပြောင်းလဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။