ချယ်လ်ဆီးအသင်းက လာမယ့်နွေမှာ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက် ရှိနေတဲ့ ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယံစ်ကို ချယ်လ်ဆီးနဲ့အပြိုင် တော့တင်ဟမ် ဟော့စပါးအသင်းကပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ The Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ ဘီလ်ဘာအို ဘယ်တောင်ပံ ကစားသမားလေး နီကို ဝီလီယံစ်ဟာ ၂၀၁၃ခုနှစ်ကတည်းက ဘီလ်ဘာအို လူငယ် အကယ်ဒမီဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး (၃)နှစ်အကြာမှာပဲ ဘီလ်ဘာအို အသင်းကြီးအတွက် စတင် ကစားခွင့် ရရှိလာခဲ့ပါတယ်။

Photo Credit : Football Espana

အခုဆိုရင်တော့ နီကို ဝီလီယံစ်က ဘီလ်ဘာအိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လို့နေပြီး စပိန်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၁၁)ပွဲအထိ ကစားထားခဲ့ရပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကပဲ ဝီလီယံစ်က ဘီလ်ဘာအိုအသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားပါသေးတယ်။

ဒါပေမယ့် ဒီလို သက်တမ်းတိုးထားပေမယ့် ကစားသမားကို လာလီဂါ ကလပ်အသင်းတွေအပြင် ပရီးမီးယားလိဂ်က အသင်းတွေပါ အပြိုင် စိတ်ဝင်စားနေတာကြောင့် နီကို ဝီလီယံစ်ရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : FC Barcelona Noticias

ဘယ်တောင်ပံရော ညာတောင်ပံမှာပါ ကျွမ်းကျင်စွာ ကစားနိုင်တဲ့ နီကို ဝီလီယံစ်ကို လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းက စိတ်ဝင်အစားဆုံး ဖြစ်နေပြီး ဒီနှစ်နွေမှာကတည်းက မန်စီးတီးက ကိုး ပါလ်မာကို မခေါ်ယူခင် ဝီလီလံစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့သေးတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းက ဝီလီယံစ်ကို ခေါ်ယူဖို့ လက်မလျှော့သေးပဲ လာမယ့်နွေမှာပါ နောက်တစ်ကြိမ် ကြိုးပမ်းသွားဖို့ ရှိနေသလို ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံကလပ် စပါးအသင်းကလည်း ချယ်လ်ဆီးနဲ့အပြိုင် ဝီလီယံစ်ကို ခေါ်ယူသွားချင်နေပြီး တိုက်စစ်အင်အားကို ပိုမို အားကောင်းသွားအောင် ဖြည့်တင်းသွားချင်နေပါတယ်။