ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ စပို့တင်း လစ္စဘွန်း ညာနောက်ခံလူ ပေါ်ရိုကို ခေါ်ယူဖို့ အသင်းနဲ့ရော ၊ ကစားသမားနဲ့ပါ အပြီးသတ် သဘောတူညီမှု ရရှိသွားခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

စပါးက ညာနောက်ခံနေရာမှာ အီမာဆန် ၊ ဒိုဟာတီနဲ့ ဒီဂျက် စပန့်စ် စတဲ့ ကစားသမား ၃ဦးကို ပိုင်ဆိုင်ထားပေမယ့် ဒိုဟာတီနဲ့ အီမာဆန်တို့က သာမန်အဆင့် ကစားသမားတွေ ဖြစ်သလို ဒီဂျက် စပန့်စ်ကလည်း အသက်ငယ်သေးတာကြောင့် ကွန်တီက သူ့အသင်းအတွက် အသင့်သုံးလို့ရမယ့် ပေါ်ရိုကို ခေါ်ယူပေးဖို့ စပါးဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Team Talk

အသက် ၂၃နှစ် အရွယ် စပိန် ညာခံစစ်မှူး ပေါ်ရိုက ညာနောက်ခံ ၊ ညာအစွန်နဲ့ ညာတောင်ပံ စတဲ့ ၃နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက လျင်မြန်သလို စပိန်သား တဦး ဖြစ်တာကြောင့် နည်းစနစ်ပိုင်း ကျွမ်းကျင်မှုလည်း ရှိပြီး ကွန်တီရဲ့ ကစားကွက်နဲ့ အံဝင်အောင် ကစားနိုင်မယ့်သူပါ။

ပေါ်ရိုက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ စပို့တင်း လစ္စဘွန်းက စာချုပ်ဖျက်သိမ်းကြေး ယူရို ၄၅သန်း ရမှ ပေါ်ရိုကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး စပါးကလည်း ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ပေါ်ရိုအတွက် စပို့တင်းဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ သဘောတူခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက ယနေ့မနက် အစောပိုင်းမှာပဲ ပေါ်ရိုကို ခေါ်ယူဖို့ အတွက် စပို့တင်း လစ္စဘွန်းနဲ့ နှုတ်အားဖြင့် တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီး ပေါ်ရိုကလည်း စပါးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် စပါးဟာ လာမယ့် ၂၄နာရီ အတွင်း ပေါ်ရိုကို ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်းနဲ့ ပေါ်ရိုက မကြာခင်မှာ လန်ဒန်မြို့ဆီ ခရီးထွက်လာတော့မယ်လို့ သိရပါတယ်။

စပါးက ပေါ်ရိုအတွက် စပို့တင်း လစ္စဘွန်းထံ ပြောင်းရွှေ့ကြေး ဘယ်လောက် ပေးရမလဲ ဆိုတာ အတိအကျ မသိရသေးပေမယ့် ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေကတော့ စပါးဟာ ပေါ်ရိုအတွက် စပို့တင်း လစ္စဘွန်းထံ ကနဦး ပြောင်းရွှေ့ကြေး + အပိုဆုကြေး စုစုပေါင်း ယူရို ၄၅သန်း ပေးချေဖို့ သဘောတူခဲ့ပြီး ပေါ်ရိုကိုတော့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုမယ်လို့ ဖော်ပြထားကြပါတယ်။