ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက မြို့ခံပြိုင်ဘက် ချယ်လ်ဆီးရဲ့ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ပါရီဆစ်ကို ကြားဖြတ် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့သလို ယနေ့မှာပဲ ပါရီဆစ်ကို ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေကြောင်း ဥရောပ အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ဝါရင့် ခရိုအေးရှား တောင်ပံကစားသမား ပါရီဆစ်ဟာ အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား တဦး ဖြစ်ပြီး ချယ်လ်ဆီးနဲ့ စပါးတို့ နှစ်သင်းစလုံးက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပါတယ်။

Photo Credit: Express

ကနဦးမှာတော့ ပါရီဆစ်က ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရန် နီးစပ်ခဲ့ပေမယ့် သူ့ရဲ့ ဆရာဟောင်း တဦး ဖြစ်သူ စပါးနည်းပြ ကွန်တီနဲ့ ဖုန်းပြောခဲ့ပြီးနောက် ချယ်လ်ဆီးနဲ့ သဘောတူညီမှုကို ဖျက်သိမ်းကာ စပါးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့တာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက စပါးဟာ ပါရီဆစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အတည်ပြုပေးထားပြီး ပါရီဆစ်က ယနေ့မှာပဲ လန်ဒန်မြို့ဆီ လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့လည်း ဆိုပါတယ်။

Photo Credit: Express

စပါးနဲ့ နီးစပ်သူတွေကလည်း သူတို့ဟာ ယနေ့မှာပဲ ပါရီဆစ်ကို ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေကြောင်းနဲ့ ပါရီဆစ်က စပါးနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေကာ ကွန်တီက သူ့ကို တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ်နဲ့ သာမကပဲ နောက်ခံလူ တဦး အဖြစ်ပါ သုံးစွဲဖို့ စီစဉ်ထားကြောင်းလည်း ထုတ်ဖော် ပြောဆိုထားကြပါတယ်။