ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

စပါးက တိုက်စစ်ပိုင်းမှာ ဟယ်ရီကိန်း ၊ ကူလူဆက်စကီး (အငှား) ၊ လူးကပ် မော်ရာ ၊ ရစ်ချာလီဆန် ၊ ဒမ်ဂျူးမား (အငှား) ၊ ဆွန်ဟောင်မင် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဒမ်ဂျူးမားက မိခင်ကလပ် ဗီလာရီးရဲလ်ဆီ ပြန်တော့မှာ ဖြစ်သလို လူးကပ် မော်ရာကလည်း ယခုလ အကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာပါ။

Photo Credit: Express

ဒါ့အပြင် စပါးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်လွှတ်ရနိုင်ချေလည်း ရှိနေတာကြောင့် တိုက်စစ်ပိုင်း အတွက် ကစားသမားသစ် တဦး (သို့) နှစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး စပါးရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံကစားသမား ဆန်ချိုလည်း ပါဝင်နေပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုက ၂၀၂၁ခုနှစ်ကမှ ဒေါ့မွန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဆန်ချိုကို မျှော်လင့်တကြီးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပါဘူး။

Photo Credit: The Sun

ဒါပေမယ့် နည်းပြသစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာတော့ ဆန်ချိုရဲ့ ခြေစွမ်းတွေက ပိုမို တိုးတက်လာခဲ့ပြီး ဆန်ချိုဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၄၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Time Sportsရဲ့ ဖော်ပြချက်အရ စပါးက ဂျေဒန် ဆန်ချိုကို ယခု နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စပါးရဲ့ တာဝန်ရှိသူ တချို့က ဆန်ချိုရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေပါ လုပ်ဆောင်ထားကာ မန်ချက်စတာ ယူနိုက်တက်ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင် ကမ်းလှမ်းမှု ရောက်လာမှသာ ဆန်ချိုကို ရောင်းထုတ်ဖို့ စဉ်းစားမယ်လို့ သိရပါတယ်။