ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းရဲ့ နည်းပြချုပ် ဖြစ်သူ အမိုရင်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ကရော့ကီယက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀၀သန်း ရမှပဲ ရောင်းချမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး ကရော့ကီယက်စ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ချန်ပီယံရှစ်ကလပ် ကိုဗန်ထရီ ကနေ စပို့တင်း လစ္စဘွန်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး စပို့တင်း လစ္စဘွန်းက သူ့ကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ကရော့ကီယက်စ်က စပို့တင်း လစ္စဘွန်းဆီ ရောက်တာ ၆လတောင် မပြည့်သေးပေမယ့် အသင်းနဲ့ ခပ်မြန်မြန်ပဲ အသားကျခဲ့သလို သူက ဒီရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၇ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၈ကြိမ်လည်း ရရှိထားပါတယ်။

ဒါကြောင့်ပဲ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေတဲ့ ချယ်လ်ဆီးက ကရော့ကီယက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေဟာ ကရော့ကီယက်စ်ရဲ့ လုပ်ခလစာ ၊ ပြောင်းရွှေ့ကြေး စတာတွေကို စုံစမ်းနေပါတယ်။

စပို့တင်း လစ္စဘွန်းရဲ့ နည်းပြချုပ် ဖြစ်သူ အမိုရင်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ကရော့ကီယက်စ်ကို လက်လွှတ်ဖို့ စိတ်ကူးမရှိကြောင်းနဲ့ ကရော့ကီယက်စ်ကို လိုချင်ရင် စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

Photo Credit: Standard

အမိုရင်က – “အခြားအသင်း တသင်းက ကရော့ကီယက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးမှပဲ ကရော့ကီယက်စ်ဟာ အသင်းသစ်ကို ပြောင်းခွင့် ရမှာပါ။ စာချုပ်ဖျက်သိမ်းကြေး မပေးနိုင်ရင်တော့ သူက အသင်းမှာပဲ ဆက်ရှိနေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ ကရော့ကီယက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၁၀၀သန်း တန်ကြေး ရှိကြောင်း ဖော်ပြထားပါတယ်။