အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ ဒီနှစ်အောက်တိုဘာလအတွင်း ကစားဖို့ စီစဉ်ထားတဲ့ အာဂျင်တီးနားအသင်းရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ အာဂျင်တီးနားအသင်းကို ကီရာလာပြည်နယ်ကို ခေါ်ယူဖို့အတွက် ကမကထပြုခဲ့တဲ့ Reporter Broadcasting Company က သတ်မှတ်ထားတဲ့အတိုင်း အာဂျင်တီးနားအသင်း မလာရောက်ဘူးဆိုရင် ဥပဒေအရ အရေးယူသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
Reporter Broadcasting Company ရဲ့ ပြောကြားချက်အရ သူတို့ဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) နဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက သဘောတူညီမှု ရယူခဲ့ပြီး ကစားသမားတွေရဲ့ ခရီးစဉ်အတွက် အိန္ဒိယရူပီး ၁၃၀ကုဋေ (အမေရိကန်ဒေါ်လာ ၁၄.၈၂ သန်း)ကို ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ အပြည့်အဝ ပေးချေခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံလက်ခံရပြီး (၅)ရက်အကြာမှာတော့ AFA က ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာမှ လာရောက်ကစားဖို့ အဆင်ပြေမလားဆိုပြီး အီးမေးလ်ပြန်ပို့ခဲ့တယ်လို့ Reporter ရဲ့ Managing Director ဖြစ်သူ Anto Augustine က ပြောပါတယ်။
Photo Credit : Reddit
ဒီကိစ္စဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ-နိုဝင်ဘာလအတွင်း လာရောက်ကစားဖို့ သဘောတူထားတဲ့ မူလစာချုပ်ပါ အချက်တွေကို ချိုးဖောက်တာဖြစ်ပြီး သူတို့အနေနဲ့ သဘောတူညီမှုမရှိဘူးလို့ Augustine က ဆိုပါတယ်။ ၂၀၂၆ ခုနှစ်မှာ နောက်ထပ် ကမ္ဘာ့ဖလားပွဲလည်း ရှိတာကြောင့် အခြေအနေတွေက အများကြီးပြောင်းလဲသွားနိုင်တယ်လို့လည်း သူက ယူဆပါတယ်။
Augustine က သူတို့အနေနဲ့ စာချုပ်ပါသတ်မှတ်ချက်အတိုင်း ဒီနှစ်အတွင်းမှာပဲ ပွဲကစားဖို့ စိတ်ဝင်စားကြောင်းနဲ့ စာချုပ်ပါအချက်တွေကို မလိုက်နာဘူးဆိုရင် ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားရနိုင်တယ်လို့ ပြောပါတယ်။
Photo Credit : News18
ကီရာလာပြည်နယ် အားကစားဝန်ကြီး V. Abdurahiman ကတော့ မကြာခဏဆိုသလို အာဂျင်တီးနားအသင်း လာရောက်ကစားမယ့်အကြောင်း ပြောဆိုခဲ့ပေမဲ့ မကြာသေးမီကတော့ အသင်းအနေနဲ့ ဒီနှစ်အတွင်း လာရောက်ကစားမှာ မဟုတ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ဝန်ကြီးက အာဂျင်တီးနားအသင်းရဲ့ အောက်တိုဘာ ခရီးစဉ်မှာ ပြဿနာတွေ ရှိနေကြောင်း ရှင်းပြခဲ့ပါတယ်။
ဒါပေမဲ့ Reporter Broadcasting Company က Augustine ကတော့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က တရားဝင်ကြေညာခြင်းမရှိသေးသရွေ့ မက်ဆီနဲ့ အာဂျင်တီးနားအသင်း မလာဘူးလို့ ကြေညာတာဟာ မသင့်လျော်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။