ဘာစီလိုနာနဲ့ စပိန်အသင်းရဲ့ ကြယ်ပွင့်ကစားသမား လာမင်း ယာမဲလ်ဟာ သူ့ရဲ့ (၁၈)နှစ်ပြည့် မွေးနေ့ပါတီမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေကြောင့် နာမည်ဂုဏ်သိက္ခာ ထိခိုက်မှုအပြင် ဥပဒေကြောင်းအရ ပြဿနာတွေနဲ့ပါ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ဆယ်ကျော်သက်တိုက်စစ်မှူးဟာ ဒီသီတင်းပတ်ကုန်မှာ (၁၈)နှစ်ပြည့်ခဲ့ပြီး စနေနေ့ညက ဘာစီလိုနာမြို့အောက်ဘက် ကမ်းခြေမြို့လေးတစ်ခုမှာ လူ(၂၅၀) ပါဝင်တဲ့ ပါတီပွဲတစ်ခု ကျင်းပခဲ့တာပါ။
ဒီပွဲကို စနေနေ့ညက ကျင်းပခဲ့တာဖြစ်ပြီး ဘာစီလိုနာ ကစားသမားတွေ ရာသီကြို စမ်းသပ်မှုတွေအတွက် လေ့ကျင့်ရေးကွင်းကို ပြန်လာရမယ့်နေ့ မတိုင်ခင် တစ်ရက်အလိုမှာပါ။ ကစားသမားအများစုကတော့ ပါတီပွဲကနေ စောစောပြန်ခဲ့ကြတယ်လို့ သိရပေမဲ့ နာမည်ကြီးတွေ အများအပြား ပါဝင်တဲ့ ဒီပွဲဟာ ပြင်းပြင်းထန်ထန် စစ်ဆေးခံနေရပါတယ်။ Achondroplasia နဲ့ အခြား အရိုးရောဂါ (အရပ်ပုခြင်း) အသင်း (ADEE) က အရပ်ပုသူတွေကို ပါတီပွဲမှာ ဖျော်ဖြေရေးအတွက် ငှားရမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် လာမင်း ယာမဲလ်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ် လို့ ကြေညာခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုက စပိန်မှာ တရားမဝင်ပါဘူး။
Photo Credit : Daily Mail
ADEE ရဲ့ ကြေညာချက်အပြီးမှာ စပိန်အစိုးရဟာ ဒီဖြစ်ရပ်ကို စစ်ဆေးပေးဖို့ တရားစွဲဆိုရေး အရာရှိချုပ်ရုံးကို တောင်းဆိုခဲ့ပါပြီ။ Marca သတင်းစာရဲ့ ဖော်ပြချက်အရ လူမှုအခွင့်အရေး ဝန်ကြီးဌာနဟာ ဒီတောင်းဆိုချက်ကို မုန်းတီးမှုပြစ်မှုများ တိုက်ဖျက်ရေးရုံးကိုလည်း ပေးပို့ခဲ့ပြီးပါပြီ။ ဒီစုံစမ်းစစ်ဆေးမှုက လာမင်း ယာမဲလ်ဟာ ဖျော်ဖြေရေးအတွက် မတူညီတဲ့ စွမ်းရည်ရှိသူတွေကို အရှက်ခွဲခြင်း (သို့) လှောင်ပြောင်ခြင်းကို တားမြစ်ထားတဲ့ မသန်စွမ်းမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခဲ့လားဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။
မသန်စွမ်းမှုဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဂျီဆပ်စ် မာတင်က အရပ်ပုသူတွေကို အရှက်ခွဲခြင်း ရှိ မရှိကို ရှင်းလင်းချက် တောင်းခံထားကြောင်း ရှင်းပြခဲ့ပါတယ်။ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေအတွက် ယူရိူ(၆)သိန်းကနေ (၁×သန်းကြား ဒဏ်ကြေးတွေ ချမှတ်နိုင်ပါတယ်။
Photo Credit : Pulse Ghana
စနေနေ့ညက လာမင်း ယာမဲလ်ဟာ မင်းသား ပီတာ ဒင်ခ်လေ့ချ်ကို သူ့ရဲ့ Instagram မှတ်ချက်တစ်ခုကနေတစ်ဆင့် သူ့ရဲ့private message ကို စစ်ဆေးဖို့ ပြောကြားခဲ့တဲ့ အချက်ကိုလည်း လူအများက သတိပြုမိခဲ့ကြပါတယ်။ အသက်(၅၆)နှစ်အရွယ် ဒင်ခ်လေ့ချ်ဟာ အရပ်ပုသူတွေထဲမှာ အကျော်ကြားဆုံး ဥပမာတွေထဲက တစ်ဦးဖြစ်ပြီး သူဟာ နာမည်ကြီး “Game of Thrones” စီးရီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့အပြင် ထင်ရှားတဲ့ သရုပ်ဆောင်ဘဝကိုလည်း ပိုင်ဆိုင်ထားသူပါ။
ဘာစီလိုနာအသင်းကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခြင်းမရှိသေးဘဲ လာမင်း ယာမဲလ်ကတော့ တနင်္ဂနွေနေ့မှာ လေ့ကျင့်ရေးပြန်ဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ADEE က သူ့ကို စွပ်စွဲထားတာတွေ တကယ်အပြစ်ရှိကြောင်း တွေ့ရှိရရင်တော့ သူဟာ ဥပဒေကြောင်းအရ ပြင်းထန်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။