အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ နည်းပြချုပ် ဖြစ်သူ စပယ်လက်တီက အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ သူတို့အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ ကင်မင်ဂျေးဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူပါလို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် တောင်ကိုရီးယား လက်ရွေးစင် ဗဟိုခံစစ်မှူး ကင်မင်ဂျေးက ယခုနှစ် ဘောလုံးရာသီ အစကမှ ဖီနာဘာချီ ကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက နာပိုလီနဲ့ ၂၀၂၅ခုနှစ် + အပို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Metro

ကင်မင်ဂျေးက နာပိုလီ ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့သွားတဲ့ နာပိုလီ အသင်းခေါင်းဆောင်ဟောင်း ကူလီဘလီရဲ့ နေရာကို အစားဝင်ရသူ ဖြစ်တာကြောင့် နာပိုလီထံ ရောက်ခါစမှာပဲ ကူလီဘလီရဲ့ ကွက်လပ်ကို ဖြည့်တင်းနိုင်ပါ့မလား ဆိုတဲ့ သံသယ မျက်လုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ ပရိသတ်ရဲ့ ယုံကြည် အားကိုးမှုကို ရအောင် ယူနိုင်ခဲ့ပါတယ်။

ကင်မင်ဂျေးက ယခုနှစ် ဘောလုံးရာသီမှာ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၃၃ပွဲမှာ အဝါကတ် ၆ကတ်သာ ထိထားသလို သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ နာပိုလီရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်ပေးထားပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ဗဟိုခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကို ရောင်းချပြီးရင် ကင်မင်ဂျေးကို ပြန်ခေါ်ဖို့ စီစဉ်နေပြီး ကင်မင်ဂျေးရဲ့ လက်ရှိ စာချုပ်မှာ ရှိနေတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၄၅သန်း တန်ကြေး ရှိပါတယ်။

နာပိုလီရဲ့ နည်းပြချုပ် ဖြစ်သူ စပယ်လက်တီကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်သစ် ကင်မင်ဂျေးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ ဖြစ်ကြောင်း ဆိုလာပါတယ်။ စပယ်လက်တီက – “ကင်မင်ဂျေးက အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူပါ။ ကင်က တပွဲ ကန်ရင် အံ့အားသင့်စရာ ကောင်းတဲ့ အရာတွေ အကြိမ် ၂၀လောက် အနည်းဆုံး လုပ်ပြနိုင်တဲ့ ခံစစ်မှူးပါ။ သူက ဘောလုံး ခြေထောက်ထဲ ရောက်တာနဲ့ ပြိုင်ဘက်ရဲ့ ပင်နယ်တီ ဧရိယာထဲကို ၅စက္ကန့်လောက်နဲ့ ပြေးပြနိုင်ပါတယ်” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။