ပူပူနွေးနွေး အီတလီ စီးရီးအေ ချန်ပီယံ နာပိုလီရဲ့ ဥက္ကဌ ဖြစ်သူ ဒီလော်ရန်းတစ်က သူတို့အသင်းရဲ့ နည်းပြချုပ် စပယ်လက်တီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြုသွားခဲ့ပါတယ်။

အသက် ၆၄နှစ် အရွယ် အီတလီလူမျိုး နည်းပြဖြစ်သူ စပယ်လက်တီက ၂၀၂၁ခုနှစ်မှာ နာပိုလီထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက နာပိုလီကို ၂ရာသီသာ ကိုင်တွယ်ခဲ့ပေမယ့် အချိန်တိုအတွင်းမှာ ခြေစွမ်းပိုင်း တိုးတက်လာအောင် ဦးဆောင်ပေးနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုကို ပြန်လည် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

စပယ်လက်တီရဲ့ လက်အောက်မှာ နာပိုလီရဲ့ ကစားပုံ ၊ ဂိုးသွင်းအားနဲ့ ခံစစ်ကျစ်လျစ်မှု စတဲ့ အရာတွေက သိသိသာသာ တိုးတက်လာခဲ့ပြီး စပယ်လက်တီက နာပိုလီကို ၉၅ပွဲ ကိုင်တွယ်ခဲ့ရာ ၆၁ပွဲ အထိ နိုင်ပွဲ ရခဲ့သလို ၁၆ပွဲ သရေကျကာ ၁၈ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့်ပဲ နာပိုလီပရိသတ်တွေက နည်းပြကြီး စပယ်လက်တီကို အသင်းမှာပဲ ဆက်လက် မြင်တွေ့ချင်နေကြပေမယ့် နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်နဲ့ စပယ်လက်တီတို့ရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် စပယ်လက်တီက နာပိုလီ ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

Photo Credit: Euro Sports

စပယ်လက်တီ တယောက် နာပိုလီ ကနေ ထွက်ခွာတော့မယ့် အကြောင်းကို ဒီလော်ရန်းတစ်က – “စပယ်လက်တီက အသင်းကနေ ထွက်ခွာပါတော့မယ်။ သူက ကျွန်တော့်ဆီ ရောက်လာပြီး ၁နှစ်လောက် အနားယူချင်တယ်လို့ ပြောပါတယ်။ သူက ကျွန်တော့်အတွက် အများကြီး ပေးဆပ်ခဲ့တဲ့ လူတယောက် ဆိုတော့ ကျွန်တော်က သူ့ရဲ့ စကားကို လက်ခံဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို အသင်းအတွက် အရာအားလုံး ပေးဆပ်ခဲ့ပြီးပြီလို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူနဲ့ ကျွန်တော်တို့ အသင်းကြားထဲက ဆက်နွယ်မှုလေးက တခန်း ရပ်သွားခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

စပယ်လက်တီက နာပိုလီကို စွန့်ခွာပြီးနောက် ဘယ်အသင်းကို ကိုင်တွယ်မလဲ ဆိုတာ အခုချိန် အထိ အတိအကျ မသိရသေးပေမယ့် နည်းပြချုပ် လိုအပ်နေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက စပယ်လက်တီကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။