ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆သင်း ရှုံးထွက်အဆင့် ပွဲတပွဲ ဖြစ်တဲ့ စပိန်နဲ့ မော်ရိုကိုတို့ရဲ့ ပွဲမှာ ဥရောပ အင်အားကြီးကလပ် စပိန်က မထင်မှတ်ပဲ ပင်နယ်တီ အဆုံးအဖြတ်နဲ့ မော်ရိုကိုကို ရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

စပိန်က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းတွေထဲက တသင်း ဖြစ်သလို အုပ်စုအတွင်းမှာလည်း ကော်စတာရီကာကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ပေမယ့် မော်ရိုကိုနဲ့ ကစားခဲ့ရတဲ့ ပွဲမှာတော့ တသင်းလုံးနီးပါး ပုံမှန် ခြေစွမ်းအောက် ရောက်ခဲ့ပါတယ်။

Photo Credit: Sky Sports

မော်ရိုကို ၀-၀ စပိန် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး စပိန်က သူတို့အသင်းရဲ့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသားပေးကာ တဖက်အသင်းရဲ့ ကစားကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကာ မော်ရိုကိုကတော့ ဇီရက်ဇ် ၊ ဘူဖယ် စတဲ့ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမားတွေ ရှိနေတာကြောင့် တန်ပြန်တိုက်စစ် ကနေ တဆင့် စပိန်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

စပိန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ မော်ရိုကိုကို ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် မော်ရိုကိုရဲ့ ကျစ်လျစ်လှတဲ့ ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ခဲ့သလို မော်ရိုကိုရဲ့ တန်ပြန်တိုက်စစ်တွေကို တားဆီးဖို့လည်း အတော်လေး ရုန်းကန်ခဲ့ရပြီး ဂိုးသမား ဆိုင်မွန်ရဲ့ လက်စွမ်းကောင်းတွေကြောင့်သာ သက်သာရာ ရခဲ့တာပါ။

Photo Credit: Sky Sports

စပိန်နဲ့ မော်ရိုကိုတို့က သာမန် ပွဲကစားချိန် အတွင်းမှာရော ၊ အချိန်ပို မိနစ်၃၀ အတွင်းမှာပါ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ မော်ရိုကိုက ပင်နယ်တီ ၄လုံး ကန်သွင်းရာမှာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ စပိန်ဘက်ကတော့ ဆာရာဘီယာ ၊ ဆိုလာ ၊ ဘက်စ်ကွက်စ် စတဲ့ ဝါရင့် ကစားသမား ၃ဦးသာ ပင်နယ်တီ ကန်သွင်းခဲ့ရပြီး ၃ဦးစလုံးရဲ့ ပင်နယ်တီတွေကလည်း ဂိုးမဝင်ခဲ့တာကြောင့် မော်ရိုကိုဟာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ စပိန်ကို အနိုင်ရကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

စပိန်က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိမ့်ဆုံး ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်အောင် သွားနိုင်ဖို့ အဖက်ဖက်မှာ ပြင်ဆင်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး စပိန်နည်းပြ အင်းနရစ်က သူဟာ အသင်းရဲ့ ကစားသမားတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲ မကျင်းပမီ ၁လ အလိုထဲက တယောက်ကို ပင်နယ်တီ အလုံး ၁၀၀၀စီ ကန်သွင်းကာ ပင်နယ်တီ ကန်သွင်းမှုကို လေ့ကျင့်ထားဖို့ မှာကြားထားကြောင်း ပြောကြားထားတာကြောင့် စပိန်ရဲ့ အရှုံးက စပိန်နိုင်ငံသားတွေ အတွက် လက်ခံဖို့ ခက်ခဲတဲ့ ရှုံးပွဲတပွဲ ဖြစ်ခဲ့ပါတယ်။