ပြီးခဲ့တဲ့ ကြားရက်က လန်ဒန်မြို့ အိမရိတ်ကွင်း်မှာ ကစားသွားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ အိမ်ရှင်အာဆင်နယ်က အံ့အားသင့်စရာ ရလဒ်မျိုးနဲ့ ရီးယဲလ်ကို (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ် ကွင်းလယ်ကစားသမား ဒက်ကလန် ရိုက်စ်က ဖရီးကစ်ကနေ သွင်းဂိုး(၂)ဂိုးကို တိုက်ရိုက် သွင်းယူခဲ့ပြီး တိုက်စစ်နေရာမှာ ကစားနေရတဲ့ မယ်ရီနိုကလည်း ပွဲသိမ်းသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ရီးယဲလ်အနေနဲ့ မက်ဒရစ်မှာ ကစားရမယ့် ဒုကျော့မှာ ပြန်လာနိုင်ဖို့က ခက်ခဲသွားရပါတယ်။
Photo Credit : Football London
ဒါပေမယ့် ရီးယဲလ်က ချန်ပီယံလိဂ် (၁၅)ကြိမ်အထိတောင် ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ချန်ပီယံလိဂ် အတွေ့အကြုံရင့် အသင်းတစ်သင်း ဖြစ်တဲ့အပြင် မဖြစ်နိုင်လောက်ဘူးလို့ ထင်မှတ်ရတဲ့ ရလဒ်အခြေအနေတွေကနေ အံ့အားသင့်စရာ ပြန်လာနိုင်ခဲ့ဖူးတဲ့ အသင်းတစ်သင်း ဖြစ်နေတာကြောင့် ဒီအချက်က စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။
ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ လူးဝစ် ဒီလာဖွန်တီကလည်း အခုပွဲစဉ်က ရီးယဲလ်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီ လက်ထဲမှာ ရှိနေသေးတယ်လို့ ယုံကြည်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ “ပွဲစဉ်က အခုထိ အဖြေမပေါ်သေးပါဘူး။ ရီးယဲလ် မက်ဒရစ်က အိမ်ကွင်းမှာ ဘယ်လို ကစားနိုင်တယ်ဆိုတာ အထူးသဖြင့် ဥရောပမှာ ဘယ်လို ကစားနိုင်တယ်ဆိုတာ အားလုံးသိထားပြီးသားပါ။”
Photo Credit : Football Espana
“ကျွန်တော်ကတော့ နောက်တစ်ဆင့်တက်ဖို့ ဒီပွဲစဉ်ကို လက်လွှတ်လိုက်မယ်လို့ မထင်ဘူး။ ဘာစီလိုနာကလည်း ဒေါ့မွန်နဲ့ ပွဲမှာ အံ့သြစရာကောင်းတဲ့ ကစားပုံကို ပြသခဲ့ပါတယ်။” လို့ နည်းပြ ဒီလာဖွန်တီက ပြောဆိုသွားခဲ့ပါတယ်။ စပိန်နည်းပြ ဒီလာဖွန်တီအနေနဲ့ ဆန်တီယာဂို ဘာနေဗျူးမှာ ကစားမယ့် ဒုကျော့ပွဲကို သွားရောက် ကြည့်ရှုနိုင်ပြီး နှစ်သင်းလုံးက စပိန်ကစားသမားတွေရဲ့ ခြေစွမ်းတွေကို လေ့လာဖွယ် ရှိနေပါတယ်။
ရီးယဲလ်အနေနဲ့ကတော့ တကယ်လို့ ဒီပွဲကို အနိုင်မရခဲ့ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရမယ်ဆိုရင် အသင်းနည်းပြ အန်ဆယ်လော့တီရဲ့ အနာဂတ် အခြေအနေက အတော်လေး လှုပ်ခတ်လာဖွယ် ရှိနေသလို တချို့သတင်းမီဒီယာတွေမှာဆိုရင် ဒီပွဲမနိုင်တာနဲ့ အန်ဆယ်လော့တီက ရာထူးကနေ ချက်ချင်း ထုတ်ပယ်ခံရနိုင်တယ်လို့ ဖော်ပြနေပါတယ်။