၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဆောက်ဂိတ်က အုပ်စုအဆင့်မှာ အုပ်စုဗိုလ် ဖြစ်ခဲ့ပေမယ့် ၁၆သင်း ရှုံးထွက်အဆင့်မှာ ယှဉ်ပြိုင်ရမယ့် ဆီနီဂေါဟာ သူတို့အတွက် အန္တရာယ်များတဲ့ အသင်းတသင်း ဖြစ်တာကြောင့် ဆီနီဂေါကို လျှော့မတွက်ကြဖို့ သူ့ရဲ့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။

အင်္ဂလန်က ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ဝေးလ် ၊ အီရန် ၊ အမေရိကန်တို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ ဝေးလ်နဲ့ အီရန်တို့ကို အနိုင်ရခဲ့ကာ အမေရိကန်ကို သရေကျခဲ့တာကြောင့် ရမှတ် ၇မှတ် စုဆောင်းနိုင်ခဲ့ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Talksports

အင်္ဂလန်က ၁၆သင်း ရှုံးထွက်အဆင့်မှာတော့ တဖက် အုပ်စုAရဲ့ ဒုတိယ ဖြစ်တဲ့ ဆီနီဂေါနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ရှိနေပြီး အကယ်၍ ဆီနီဂေါကို အနိုင်ရခဲ့ရင်တော့ ကွာတားဖိုင်နယ်အဆင့်မှာ နယ်သာလန်နဲ့ အမေရိကန်တို့ ပွဲရဲ့ အနိုင်ရအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။

ဆီနီဂေါက နယ်သာလန် ၊ ကာတာ ၊ အီကွေဒေါတို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုအဖွင့်ပွဲမှာ နယ်သာလန်ကို ရှုံးနိမ့်ခဲ့ပေမယ့် ကာတာနဲ့ အီကွေဒေါတို့ကို အနိုင်ရခဲ့တာကြောင့် အုပ်စုဒုတိယအဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး သူတို့အသင်းမှာ မန်ဒီ ၊ ကူလီဘလီ ၊ ဂူယီ ၊ ဆားလ်တို့လို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတွေ ရှိနေတာကြောင့် အင်္ဂလန်ကို အခက်တွေ့စေနိုင်တဲ့ ပြိုင်ဘက်ပဲ ဖြစ်ပါတယ်။

Photo Credit: Talksports

ဒါကြောင့် အင်္ဂလန် နည်းပြချုပ် ဆောက်ဂိတ်က သူ့ရဲ့အသင်းသားတွေကို ဆီနီဂေါအား လျှော့မတွက်ဖို့ သတိပေးသွားခဲ့တာပါ။ ဆောက်ဂိတ်က – “ကျွန်တော်က ဆီနီဂေါရဲ့ ကမ္ဘာ့ဖလားပွဲတွေကိုတော့ မကြည့်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်က ဗီယင်နာမြို့မှာ ကစားခဲ့တဲ့ အီရန်နဲ့ ဆီနီဂေါတို့ရဲ့ ခြေစမ်းပွဲကို ကြည့်ဖူးပါတယ်။ ဒါကြောင့် ဆီနီဂေါက အသင်းကောင်း တသင်း ဆိုတာကို သိထားပါတယ်။ အခုကတော့ ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ဆီနီဂေါရဲ့ ပွဲတွေကို ကြည့်ပြီး လေ့လာ ဆန်းစစ်မှုတွေ လုပ်ရမယ့် အချိန်ပါ။ ပြီးတော့ ကျွန်တော်တို့က အဲ့ဒီပွဲ အတွက် ပြင်ဆင်ဖို့ လိုတာတွေကို ပြင်ဆင်ရပါတော့မယ်။ ဆီနီဂေါက ဥရောပတလွှားမှာ နာမည်ကြီးတဲ့ ကြယ်ပွင့် ကစားသမား တချို့ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ထဲက တချို့ဟာ အင်္ဂလန်မြေမှာတောင် ကစားနေတာပါ။ ဒီပွဲမှာ ကျွန်တော်တို့က နောက်တဆင့်ဆီ တက်ဖို့ ပိုပြီး ရေပန်းစားနေပေမယ့် ဆီနီဂေါကို လျှော့တွက်လို့ မရပါဘူး။ ဆီနီဂေါက အရမ်းကို အန္တရာယ်များတဲ့ အသင်းပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။