အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဂါရတ် ဆောက်ဂိတ်က သူဟာ အင်္ဂလန်အသင်း ကနေ ထွက်ခွာဖြစ်ရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နည်းပြအဖြစ် လုပ်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၃နှစ် အရွယ် အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဆောက်ဂိတ်က ၂၀၁၆ခုနှစ်မှ စတင်ကာ အင်္ဂလန်အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက လာမယ့် ၂၀၂၄ခုနှစ် ယူရိုပြိုင်ပွဲ ပြီးဆုံးချိန် အထိ အင်္ဂလန်ကို တာဝန်ယူဖို့ ရှိနေပါတယ်။

Photo Credit: Goal

ဂါရတ် ဆောက်ဂိတ်က အင်္ဂလန်ကို ၇နှစ်ကြာအောင် ကိုင်တွယ်ခဲ့ရာ အသင်းအတွက် ဆုဖလား တလုံးမှ ရယူပေးနိုင်ခဲ့ခြင်း မရှိပေမယ့် သူ့ရဲ့ လက်ထက်မှာ အင်္ဂလန်ရဲ့ ကစားပုံက တိုးတက်လာခဲ့သလို ယူရို ၂၀၂၀ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ ရောက်ခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဆောက်ဂိတ်ကို ယူရို ၂၀၂၄ပြိုင်ပွဲကိုပါ တာဝန်ယူခိုင်းထားပေမယ့် ဆောက်ဂိတ်က ယူရို ၂၀၂၄ပြိုင်ပွဲ အပြီးမှာ အင်္ဂလန်ကို စွန့်ခွာဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်နေသလို နောက်ဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဆောက်ဂိတ်က သူဟာ ပရီးမီးယားလိဂ်မှာ နည်းပြ ပြန်လုပ်ချင်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

Photo Credit: CNN

ဆောက်ဂိတ်က – “လူတိုင်းက ကျွန်တော့်ကို မစ်ဒယ်ဘရော့နဲ့ တန်းဆင်းခဲ့တဲ့ နည်းပြလို့ပဲ ပြောကြပါတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ မစ်ဒယ်ဘရော့ နည်းပြဘဝ တတိယမြောက်ရာသီကို ရောက်မှ ကျွန်တော်တို့တွေ တန်းဆင်းခဲ့ရတာပါ။ ကျွန်တော်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃နှစ်တောင် နည်းပြခဲ့ဖူးပါတယ်။ အင်္ဂလန်နည်းပြဘဝမှာ ကျွန်တော်က ရာထူးကနေ ထုတ်ပယ်ခံရမယ် ဆိုတဲ့ စိုးရိမ်မှုမျိုးကို မခံစားခဲ့ရပါဘူး။ ဒါပေမယ့် အင်္ဂလန်ကို နည်းပြခဲ့လို့ ကျွန်တော့်ရဲ့ နည်းပြဘဝ ပရိုဖိုင်က ပိုပြီး မတိုးတက်လာပါဘူး။ ဒါပေမယ့် ကျွန်တော်က ပြင်းထန်တဲ့ ဖိအားတွေကိုလည်း မခံစားရဘူးလေ။ ကျွန်တော်က ဟိုဆေး တယောက် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်တုန်းမှာ ပြောခဲ့တဲ့ စကားတခွန်းကို မှတ်မိပါသေးတယ်။ “လက်ရှိ လုပ်နေတဲ့ အလုပ်က ပြီးသွားပြီလို့ ခံစားရပြီ ဆိုရင် နောက်ထပ် ဘာအလုပ်ပဲဖြစ်ဖြစ် ထပ်လုပ်ပါ” ဆိုတဲ့ စကားလေ။ ကျွန်တော်လည်း အခု အဲ့ဒီလို ခံစားနေရပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်အသင်း တချို့က ဆောက်ဂိတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် ဆောက်ဂိတ်ကတော့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။