အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဂါရတ် ဆောက်ဂိတ်က သူ့ရဲ့ အသင်းဟာ လာမယ့် ၁၃လ အတွင်းမှာ ဥရောပတိုက်ရဲ့ အကောင်းဆုံးအသင်း ဖြစ်စေရမယ်လို့ အင်္ဂလန် ၂-၀ ယူကရိန်း ပွဲစဉ်အပြီးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

ဆောက်ဂိတ် ဦးဆောင်နေတဲ့ အင်္ဂလန်အသင်းက ဆာကာ ၊ ဖိုဒန် ၊ ရက်ဖို့ဒ် ၊ ဒီကလန်ရိုက်စ် ၊ ဘယ်လင်ဟမ် ၊ မေဆန်မောင့် စတဲ့ လူငယ်မျိုးဆက် ထွက်ပေါ်လာမှုနဲ့အတူ လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Eurosport

ဒါပေမယ့် အင်္ဂလန်က သူတို့ရဲ့ ရွှေရောင်မျိုးဆက်နဲ့အတူ ယခုချိန်အထိ ဆုဖလားတွေ ရထားခြင်း မရှိသေးပဲ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ် ၊ ကွာတားဖိုင်နယ် စတဲ့ အဆင့်တွေနဲ့သာ ကျေနပ်ခဲ့ရသလို ယူရို ၂၀၂၀ပြိုင်ပွဲမှာလည်း အီတလီကို ရှုံးနိမ့်ကာ ဒုတိယဆုသာ ရထားပါတယ်။

ဒါကြောင့်ပဲ ဆောက်ဂိတ်မှာ အင်္ဂလန်ကို အဓိက ဆုဖလား တလုံး ရယူပေးရမယ့် တာဝန်ရှိနေပြီး ဆောက်ဂိတ်က ယူရို ၂၀၂၄ပြိုင်ပွဲရဲ့ ခြေစစ်ပွဲ ၂ပွဲ ဖြစ်တဲ့ အီတလီနဲ့ ယူကရိန်းတို့ရဲ့ ပွဲစဉ်တွေမှာ ၁-၂ ၊ ၂-၀ စတဲ့ ရလဒ်တွေနဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းရဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ လာမယ့် ၁၃လအတွင်းမှာ ဥရောပရဲ့ အကောင်းဆုံးအသင်း ဖြစ်ဖို့သာ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Eurosport

ဆောက်ဂိတ်က – “ကျွန်တော်ကတော့ ကစားသမားတိုင်းကို ပွဲစဉ်တိုင်းမှာ အာရုံစူးစိုက်မှု အပြည့် ထားထားဖို့ မှာချင်ပါတယ်။ ကျွန်တော်တို့က နောက်ထပ် ၂ပွဲကို ရာသီကုန်မှ ကစားရမှာ ဖြစ်လို့ ကစားသမားတွေက လန်းဆန်းမှုတွေနဲ့ ရောက်လာမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒီ ၂ပွဲကို ပေါ့ပေါ့တန်တန် ကစားလို့ မရပါဘူး။ ကျွန်တော်တို့တွေ ဇွန်လမှာ တွေ့ရမယ့် ပြိုင်ဘက်တွေက အခု ကစားခဲ့တဲ့ ပြိုင်ဘက်တွေထက် ကမ္ဘာ့အဆင့် ရပ်တည်ချက် အရ ပိုပြီး နိမ့်ပါးပေမယ့် ကျွန်တော်တို့တွေ အားကုန်ထုတ် ကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်အပေါ် မူတည်ပြီး ကြိုးစား အားထုတ်မှုကို အလျော့ ၊ အတင်း လုပ်လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လာမယ့် ၁၃လ အတွင်းမှာ ဥရောပတိုက်ရဲ့ အကောင်းဆုံးအသင်း ဖြစ်အောင် လုပ်ဖို့ပါ။ ဒါကြောင့် ကျွန်တော်တို့က နေ့ရက်တိုင်း ၊ လေ့ကျင့်ရေး အစီအစဉ်တွေတိုင်းမှာ ကစားသမားတွေ အားလုံးဆီ ကနေ အကောင်းဆုံး ကြိုးစား အားထုတ်မှုတွေ လိုချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။