အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရတ် ဆောက်ဂိတ်ကတော့ ဒိန်းမတ်အသင်းနဲ့ (၁)ဂိုးစီ သရေကျခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စုဒုတိယမြောက် ပွဲစဉ်အပြီးမှာပဲ သူ့အသင်း ကွင်းလယ်ပိုင်းမှာက ကယ်လ်ဗင် ဖီးလစ်နေရာအတွက် အစားထိုး ဝင်ရောက်နိုင်မယ့်သူ မရှိဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကြီး မစတင်ခင်က တောင့်တင်းလွန်းတဲ့ ကစားသမားအစုအဖွဲ့ကြောင့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း တကယ်တမ်း အုပ်စုပွဲစဉ် (၂)ပွဲ ကစားပြီးချိန်မှာတော့ အင်္ဂလန် ကစားပုံက စိတ်ပျက်စရာ ဖြစ်နေရပါတယ်။

Photo Credit : Daily Mail

ဆောက်ဂိတ်ရဲ့ ကစားသမား အသုံးပြုပုံတွေ နည်းစနစ်တွေအပြင် ကစားသမားတွေရဲ့ ခြေစွမ်းမပြနိုင်မှုတွေကပါ အင်္ဂလန်အတွက် အဆင်မပြေခဲ့သလို ဆာဘီးယား ဒိန်းမတ်တို့နဲ့ ပွဲတွေမှာ အတော်လေး ရုန်းကန်နေခဲ့ရပါတယ်။ အင်္ဂလန်က လက်ရှိမှာ (၂)ပွဲကစား (၁)ပွဲနိုင် (၁)ပွဲသရေနဲ့ (၄)မှတ် စုဆောင်းထားနိုင်ပေမယ့် ဒီပုံစံနဲ့ နောက်တစ်ဆင့် တက်သွားမယ်ဆိုရင်တောင် (၁၆)သင်းအဆင့်လောက်မှာပဲ လှည့်ပြန်သွားရနိုင်ဖွယ်ပါ ရှိနိုင်ပါတယ်။

ဆောက်ဂိတ်အနေနဲ့ အသင်းရဲ့ ကွင်းလယ်မှာ ဒက်ကလန်ရိုက်စ်နဲ့အတူ ထရန့် အလက်ဆန်းဒါး အာနိုးကို တွဲဖက် အသုံးပြုခဲ့ပြီး အာနိုးက အဲ့ဒီ position မှာ အကောင်းဆုံး မကစားပြနိုင်တာကို ဆာဘီးယားနဲ့ပွဲမှာ မြင်တွေ့ထားရပေမယ့်လည်း ဒိန်းမတ်နဲ့ပွဲမှာပါ တခြား ကွင်းလယ်လူတွေထက် အာနိုးကိုသာ ဆက်လက် သုံးစွဲသွားခဲ့ပါတယ်။

Photo Credit : The Sun

ဆောက်ဂိတ်က အာနိုးကို ကွင်းလယ်မှာ ထားကစားခဲ့ရင်း အာနိုးကလည်း အခိုက်အတန့် တချို့ရှိခဲ့ပြီး သူတွေးထားခဲ့တဲ့အတိုင်း ကွင်းလယ်ကနေ ဘောလုံး ပေးပို့မှုတွေလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်က “ဒါက စမ်းသပ်ချက်တစ်ခုလို ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့လည်း သိထားပါတယ်။”

“နောက်ပြီး ကယ်လ်ဗင် ဖီးလစ်ရဲ့နေရာအတွက် တိုက်ရိုက် အစားထိုးနိုင်စရာ ရှိမနေဘူး ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ အရာတစ်ချို့ကို ကျွန်တော်တို့ ကြိုးစားနေပြီး လောလောဆယ်မှာတော့ ကျွန်တော်တို့က ကျွန်တော်တို့ ဖြစ်စေချင်သလိုမျိုး မကစားနိုင်သေးပါဘူး။” လို့ ပြောဆိုခဲ့ပြီး ဒီလိုပြောဆိုမှုကို ပရိသတ်တွေက လှောင်ပြောင်နေကြလျက် ရှိနေပါတယ်။