ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုBရဲ့ အုပ်စုနောက်ဆုံးပွဲ တပွဲ ဖြစ်တဲ့ ဝေးလ်နဲ့ အင်္ဂလန်တို့ရဲ့ ပွဲမှာတော့ အင်္ဂလန်က အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဝေးလ်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရကာ ရှုံးထွက်အဆင့်ဆီ အုပ်စုပထမနေရာနဲ့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

အင်္ဂလန်နဲ့ ​ဝေးလ်တို့က ရေခံမြေခံ တူတဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ် ကြည့်ကောင်းခဲ့ပြီး ထိပ်တန်း ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အင်္ဂလန်ကတော့ ဝေးလ်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲရဲ့ ပထမပိုင်းမှာ နှစ်သင်းစလုံးက Direct ကစားဟန်ကိုသာ အားပြု ကစားခဲ့တာကြောင့် သွင်းဂိုးတွေ မမြင်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ အင်္ဂလန်က ရက်ဖို့ဒ်နဲ့ ဖိုဒန်တို့ရဲ့ တဦးချင်း စွမ်းရည်တွေကြောင့် ဦးဆောင်ဂိုးတွေ ရရှိခဲ့ပြီး အင်္ဂလန် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၅၀မိနစ်နဲ့ ၆၈မိနစ်တွေမှာ ရက်ဖို့ဒ်နဲ့ ပွဲချိန် ၅၁မိနစ်မှာ ဖိုဒန်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အင်္ဂလန် ၃-၀ ဝေးလ် ပွဲစဉ်အပြီးမှာတော့ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်က ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်တဲ့ ရက်ဖို့ဒ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ရက်ဖို့ဒ်ဟာ အရင်ထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာပြီလို့လည်း ဆိုလာပါတယ်။

Photo Credit: Sky Sports

ဆောက်ဂိတ်က – “အခုလို ခြေစွမ်းပြနိုင်ဖို့ အတွက် ရက်ဖို့ဒ်က စိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ ကျွန်တော်က ဒီနှစ်ရာသီ မစခင်မှာ သူ့ဆီကို သွားပြီး အချိန်အကြာကြီး စကားပြောဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူက သူ့ရဲ့ ခြေစွမ်းတွေ တိုးတက်လာအောင် ဘာတွေလုပ်ရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေခဲ့ပါတယ်။ အခုချိန်မှာတော့ သူက သူ့ရဲ့ ကလပ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ကျွန်တော်တို့နဲ့အတူ ရှိနေတဲ့ လေ့ကျင့်ရေးကွင်းမှာလည်း သူ့ရဲ့ အရည်အသွေးတွေကို ကောင်းကောင်းကြီး သက်သေပြထားနိုင်ပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ မြင်ခဲ့ရတဲ့ ရက်ဖို့ဒ်နဲ့ မတူတဲ့ ရက်ဖို့ဒ်ကို ရထားတာပါ။ ဒီနေ့ပွဲမှာဆိုလည်း ရက်ဖို့ဒ်က ပထမပိုင်းမှာသာ မှန်ကန်တဲ့ နေရာတွေဆီ ရောက်ခဲ့ရင် ဟက်ထရစ်တောင် သွင်းယူနိုင်တဲ့ အနေအထားမျိုးပါ။ ရက်ဖို့ဒ်က သွင်းဂိုးတွေ ရဖို့ ထိုက်တန်ပါတယ်” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။