ဘောလုံးဘိုးအေကြီး အဖြစ် တင်စားခံထားရတဲ့ အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် ဂါရတ် ဆောက်ဂိတ်က ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ကိုဘီ မိုင်နူးကို အင်္ဂလန်လက်ရွေးစင် အဖြစ် ရွေးချယ်တော့မယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန်-ဂါနာနွယ်ဖွား ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ အဓိက ကစားလေ့ ရှိပါတယ်။

Photo Credit: Metro

ကိုဘီ မိုင်နူးက ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ရဲ့ ယုံကြည်ကိုးစားမှုကို အပြည့်အဝ ရရှိထားပြီး သူက ဘရူနို ဖာနန်ဒက်စ် ၊ ကတ်စ်မဲရိုး စတဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူတွေနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကစားခွင့် ရနေပါတယ်။

ကိုဘီ မိုင်နူးက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး အထိ သွင်းယူထားနိုင်သလို ယူနိုက်တက်ရဲ့ ဇန်နဝါရီလ တလတာ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက် ရရှိထားပြီး ဂါနာအသင်းက မိုင်နူးကို သူတို့ရဲ့ နိုင်ငံလက်ရွေးစင် အဖြစ် လာကစားပေးဖို့ စည်းရုံးနေပါတယ်။

Photo Credit: Daily Express

မိုင်နူးက အင်္ဂလန် ယူ-၁၉အသင်းရဲ့ လက်ရွေးစင် ကစားသမား ဖြစ်ပေမယ့် ဂါနာလက်ရွေးစင် အဖြစ် ကစားခွင့် ရှိနေဆဲ ဖြစ်ပြီး အင်္ဂလန်နဲ့ ယူနိုက်တက်တို့ရဲ့ ဂန္တဝင် ခံစစ်မှူး ရီယို ဖာဒီနန်ကတော့ အင်္ဂလန်ဟာ ကိုဘီ မိုင်နူးကို လက်မလွှတ်သင့်ပဲ အင်္ဂလန်လက်ရွေးစင် အဖြစ် အမြန်ဆုံး ရွေးချယ်ဖို့ ဆောက်ဂိတ်ကို တိုက်တွန်းထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျရေမီ ဘိုင်လီရဲ့ ဖော်ပြချက်အရ အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် ဆောက်ဂိတ်က ကိုဘီ မိုင်နူးရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် မိုင်နူးကို အင်္ဂလန်လက်ရွေးစင် အဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်ထားပြီး မိုင်နူးဟာ မတ်လ ၂၄ရက်နေ့နဲ့ မတ်လ ၂၇ရက်နေ့တွေမှာ ကစားရမယ့် အင်္ဂလန်နဲ့ ဘရာဇီးလ် ၊ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ စတဲ့ ပွဲစဉ်တွေမှာ အင်္ဂလန်အသင်း အတွက် ပါဝင် ကစားပေးရဖွယ် ရှိနေကြောင်း သိရပါတယ်။