အင်္ဂလန်အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ်က ဆလိုဗက်ကီးယားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ (၁၆)သင်းရှုံးထွက်ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲချိန်အတွင်း ကွင်းလယ်တိုက်စစ် ကစားသမား ဘယ်လင်ဟမ်ကို လူစားလဲဖို့ထိ စဉ်းစားမိခဲ့သေးတယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်ဟာ ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ ပွဲပြီးခါနီး မိနစ်(၉၀)လောက်အထိ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားခဲ့တဲ့အပြင် ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်မှ မရှိခဲ့တဲ့အထိ အခြေအနေ ဆိုးခဲ့ရပေမယ့်လည်း နာကျင် အချိန်ပိုမှာ ဘယ်လင်ဟမ်ရဲ့ bicycle kick ဂိုးနဲ့ အဖိုးတန် ချေပဂိုးကို ရရှိခဲ့ရင်း အချိန်ပို ဆက်ကစားခဲ့ရာကနေ ဟယ်ရီကိန်းက အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူပြီး အင်္ဂလန်တို့ နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အင်္ဂလန်က အုပ်စုတွင်းပွဲစဉ်တွေမှာရော အခု ဆလိုဗက်ကီးယားနဲ့ပွဲမှာပါ အင်္ဂလန်ရဲ့ ကစားကွက်က ဘာမှ အားရစရာ မရှိပဲ ကိန်း ဆာကာ ဖိုဒန် ဘယ်လင်ဟမ် ရိုက်စ်တို့လို ထိပ်တန်း ကစားသမားတွေ ပါဝင်နေသည့်တိုင် ပြိုင်ဘက်အသင်းတိုင်းကို အသည်းအသန် ကစားခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ အင်္ဂလန်အတွက် ကယ်တင်ရှင် ဖြစ်ခဲ့တာက ဘယ်လင်ဟမ်ဖြစ်ပြီး သူရဲ့ လှပတဲ့ ချေပဂိုးကြောင့်သာ အင်္ဂလန်တို့ နောက်တစ်ဆင့် တက်ဖို့ အကြောင်းဖန်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လင်ဟမ်က ဒီလို နောက်ကျဂိုးကို မသွင်းယူနိုင်ခင် သူ့ကို လူစားလဲဖို့အထိ စဉ်းစားမိခဲ့သေးတယ်လို့ နည်းပြ ဆောက်ဂိတ်က ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော်တို့ သူ့ကို လူစားလဲလိုက်သင့်တယ်ဆိုပြီး တွေးလိုက်မိသေးတယ်။ ဒါပေမယ့် သူက ဒီပွဲမှာ ပြသခဲ့တဲ့ အခိုက်အတန့်မျိုးတွေ လုပ်ပြလိမ့်မယ်ဆိုတာ ခင်ဗျားတို့ သိနေကြပါမယ်။”

Photo Credit : The Independent

“သူက ဆက်ပြီး ကစားရမယ်ဆိုရင် နောက်ထပ် (၁၅)မိနစ်ကြာရင် သူက ခင်ဗျားကို အံ့သြသွားအောင် လုပ်နိုင်လိမ့်မယ်။ နောက်ပြီး ပွဲအတွင်းမှာ ကျွန်တော်တို့တွေက ဘောလုံးရထားချိန်ဆို ပိုကောင်းအောင် လုပ်ဖို့ လိုအပ်တယ်ဆိုတာကို သိပါတယ်။ ပထမပိုင်းမှာတော့ မှန်ကန်တဲ့ အဖြေကို မရှာနိုင်ခဲ့ပဲ ဒုတိယပိုင်းမှသာ ပိုကောင်းအောင် လုပ်ခဲ့ပါတယ်။”

“ကစားသမားတွေကလည်း ဖိအားတွေအောက်မှာ ကစားနေရချိန်မှာပဲ ဂိုးရဖို့အတွက်ကိုပါ စူးစမ်း ရှာဖွေကြပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ ဟိုးအရင်ကတည်းက အသုံးပြုနေကြ လက်ပစ်ဘောကနေတစ်ဆင့် ဂိုးကို ရရှိလိုက်ရတယ်။” လို့ ဆောက်ဂိတ်က ပြောဆိုလာခဲ့ပါတယ်။