မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့သမိုင်းတစ်လျှောက် အရှက်ရဖွယ်အကောင်းဆုံး ရှုံးပွဲတွေထဲကတစ်ပွဲဖြစ်တဲ့ ဂရင်းစဘီတောင်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နည်းပြ ရူဘင် အမိုရင်ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပြီး သူ့နေရာကို အစားထိုးရန်အတွက် အင်္ဂလန်နည်းပြဟောင်း ဂါရတ် ဆောက်ဂိတ်နဲ့ ကလပ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း မိုက်ကယ် ကားရစ်တို့က ထိပ်ဆုံးကနေ ရေပန်းစားလာခဲ့ပါတယ်။
ပေါ်တူဂီနည်းပြ အမိုရင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ အသင်းပိုင်ရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ်က ကြီးကြီးမားမား ကြေညာပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၁၀ လအကြာမှာပဲ သူ့ရဲ့ကံကြမ္မာက မရေမရာဖြစ်လာခဲ့ပြီး အထူးသဖြင့် ယူနိုက်တက်ထက် အဆင့် (၅၆)ဆင့်နိမ့်ပြီး တန်းသုံးတန်းကွာတဲ့ ဂရင်းစဘီကို ရှုံးနိမ့်ခဲ့ခြင်းဟာ သည်းခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားတဲ့ အရှက်ရမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
Photo Credit : Sky Sports
လောင်းကစားဒိုင်တွေရဲ့ ခန့်မှန်းချက်အရ အမိုရင်သာ ထုတ်ပယ်ခံရပါက သူ့နေရာကိုဆက်ခံဖို့ အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အသက် (၅၄)နှစ်အရွယ် ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေသူပါ။ အခုအခါမှာတော့ သူဟာ ယူနိုက်တက်ရဲ့ ပူပြင်းတဲ့နည်းပြနေရာအတွက် မိုက်ကယ် ကားရစ်နဲ့အတူ ၅/၁ လောင်းကြေးနဲ့ ပူးတွဲရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။
ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်ဖို့ ၂/၁ လောင်းကြေးနဲ့ ထိပ်ဆုံးကနေ တစ်ပြေးနေခဲ့သူဖြစ်ပေမယ့် သူကိုယ်တိုင်က ဒီအလုပ်ကို စိတ်မဝင်စားကြောင်း ပြောကြားခဲ့တာကြောင့် ရက်ကလစ်ဖ်ရဲ့ အုပ်ချုပ်မှုအဖွဲ့က အသက်ငယ်တဲ့ အမိုရင်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ကတော့ လက်ရှိမှာ အနားယူကာ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ် ရေးသားနေတယ်လို့ မကြာသေးမီက ပြောကြားထားပါတယ်။
Photo Credit : Teesside Live
မန်ယူကွင်းလယ်ကစားသမားဟောင်း ကားရစ်ကလည်း ဆောက်ဂိတ်နဲ့အတူ ပူးတွဲရေပန်းစားနေပါတယ်။ သူဟာ မစ်ဒယ်ဘရော့အသင်းမှာ နည်းပြကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီက အသင်းခြေစွမ်းထိုးကျသွားခဲ့ပြီးနောက် ဇွန်လမှာ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့လက်ထက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသလို ၂၀၂၁ ခုနှစ်က ယာယီနည်းပြအဖြစ် သုံးပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် (၂ ပွဲနိုင်၊ ၁ ပွဲသရေ) ရယူခဲ့ဖူးတာကြောင့် အိုးထရက်ဖို့ဒ်မှာ သြဇာကြီးမားတဲ့ မဟာမိတ်တွေ ရှိနေဆဲဖြစ်ပါတယ်။
ဒီနှစ်ဦးအပြင် ခရစ္စတယ်ပဲလေ့စ်နည်းပြ အော်လီဗာ ဂလပ်စ်နာနဲ့ လက်ရှိ အမေရိကန်လက်ရွေးစင်အသင်းနည်းပြ ပိုချက်တီနိုတို့က ၈/၁ လောင်းကြေးနဲ့ ရေပန်းစားနေပါတယ်။ ယူနိုက်တက် လက်ထောက်နည်းပြဟောင်းဖြစ်တဲ့ အစ်ဆွစ်နည်းပြ ကီရန် မက်ကင်နာကတော့ ၁၀/၁ လောင်းကြေးနဲ့ ရှိနေပြီး ရီးယဲလ် မက်ဒရစ်နည်းပြဟောင်း ဇီဒန်း၊ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗား၊ ဘုန်းမောက်နည်းပြ အန်ဒိုနီ အီရာအိုလာနဲ့ ဘာစီလိုနာနည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ်တို့အားလုံးကတော့ ၁၂/၁ လောင်းကြေးနဲ့ အသီးသီး ရေပန်းစားနေကြပါတယ်။