အင်္ဂလန်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရတ် ဆောက်ဂိတ်က သူ ကိုင်တွယ်နေတဲ့ အင်္ဂလန်အသင်းကို ကမ္ဘာ့အဆင့် (၁) အသင်း ဖြစ်လာဖို့အတွက် ရည်ရွယ်ထားတယ်လို့ ကြုံးဝါး ပြောကြားလိုက်ပါတယ်။

အသက် (၅၃)နှစ်အရွယ် နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကနေ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ယူရို-၂၀၂၀ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အစရှိတဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီး (၃)ခုအထိ ဆင်နွဲခဲ့ရင်း ယူရို-၂၀၂၀တုန်းက ဒုတိယနေရာအထိ ရောက်ရှိနိုင်ခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာလည်း အင်္ဂလန်အသင်းက ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်ကို (၈)ပွဲကစား ရှုံးပွဲမရှိ အုပ်စုဗိုလ်နဲ့ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်သလို ယူရို-၂၀၂၄ပြိုင်ပွဲမှာလည်း ဗိုလ်စွဲနိုင်မယ့် အသင်းတွေထဲက တစ်သင်းအဖြစ် ပါဝင်နေပြီး ရေပန်းစားနေရပါတယ်။

အင်္ဂလန်အသင်းဟာ လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အာဂျင်တီးနား ပြင်သစ် နဲ့ ဘရာဇီးလ်တို့ရဲ့နောက် အဆင့် (၄)နေရာမှာ ရပ်တည်နေရပြီး အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ အဆင့်(၁)ထိ ရောက်ရှိဖို့ပါ ရည်မှန်းထားတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Independent

“အဆင့်သတ်မှတ်တွေက ပြိုင်ပွဲကြီးတွေကနေ မြင့်တက်လာတာဖြစ်လို့ ပြိုင်ပွဲကြီးတွေထဲ အောင်မြင်မှု ရယူဖို့ လိုအပ်နေပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေဖို့လည်း လိုပါတယ်။ နောက်ပြီး ကျွန်တော်တို့က နေ့တိုင်းလိုလို လေ့ကျင့်ရေးကွင်းမှာရော ပွဲတွေအတွင်းမှာပါ ဒီအမှုအကျင့်တွေ ချမှတ်ထားရပါမယ်။”

“တကယ်လို့ ကိုယ်က ထိပ်တန်းအဆင့်မှာ ရှိလာပြီဆိုရင်တော့ ပေါ့ပေါ့တန်တန် ကစားတာတွေ မတော်တဆ အမှားတွေဆိုတာက လက်ခံနိုင်စရာ မဟုတ်တော့ပါဘူး။ ဒီလို ခံယူထားမှုက ကျွန်တော်ရဲ့ တွန်းအား ဖြစ်နေပါမယ်။” လို့ ဆောက်ဂိတ်က ပြောဆိုသွားခဲ့ပါတယ်။