ယခုနှစ် ဘောလုံးရာသီမှာ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ကနေ ဖရိုစီနိုနီဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေရင်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဆောလ်လေက သူ့ရဲ့ အိမ်မက်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့် ရဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား ယူ-၂၃ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဆောလ်လေက ၂၀၂၀ခုနှစ်မှာ အာဂျင်တီးနားကလပ် ဗီလက်ဇ် ကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဂျူဗင်တပ်ဆီ ရောက်ရှိချိန်မှာ အသင်းကြီးအတွက် ကစားပေးခွင့် မရခဲ့ပဲ လူငယ်အသင်းတွေမှာသာ လှည့်လည် ကစားခဲ့ရပါတယ်။

Photo Credit: Juventus Fc

ဒါကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီ အစမှာ ဆောလ်လေက ပွဲထွက်ခွင့် ရဖို့ အတွက် စီးရီးအေကလပ် ဖရိုစီနိုနီဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဆောလ်လေက ဖရိုစီနိုနီဆီ ရောက်ရှိပြီးနောက် ပွဲထွက်ခွင့်တွေ တောက်လျှောက် ရခဲ့သလို အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

ဆောလ်လေက ညာတောင်ပံမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဖရိုစီနိုနီ အတွက် စီးရီးအေပြိုင်ပွဲမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေပါတယ်။

Photo Credit: Goal

ဆောလ်လေက ဖရိုစီနိုနီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ဥရောပ ထိပ်သီးအသင်း တချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဆောလ်လေကတော့ သူ့ရဲ့ အိမ်မက်ဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့် ရဖို့ ဖြစ်ကြောင်းနဲ့ အိမ်မက်သာ အမှန်တကယ် ဖြစ်လာမယ် ဆိုရင် ကောင်းလိမ့်မယ်လို့ ဆိုကာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်ကြောင်း အရိပ်အမြွက် ဖွင့်ဟလာခဲ့ပါတယ်။

ဆောလ်လေက – “ကျွန်တော့်ရဲ့ အိမ်မက်က တနေ့မှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ဖို့ပါပဲ။ ကျွန်တော့်ရဲ့ အိမ်မက်သာ အမှန်တကယ် ဖြစ်လာမယ် ဆိုရင် အရမ်း ကောင်းပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အနာဂတ်လား။ ကျွန်တော်က ဂျူဗင်တပ်နဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အတိအကျ မဆုံးဖြတ်ရသေးပါဘူး။ ဂျူဗင်တပ်မှာ ကျွန်တော့်အတွက် နေရာ မရှိခဲ့တာကြောင့် ကျွန်တော်က ဖရိုစီနိုနီဆီ အငှားနဲ့ လာကစားဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။