တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းဖြစ် အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ ဟယ်ရီကိန်းကို ချီးကျူးပြောကြားခဲ့ပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်ကြယ်ပွင့်ဟာ ဒီညမှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်အတွင်း စပါးအသင်းရဲ့ အမာခံ အပရိသတ် ဖြစ်နေလိမ့်မယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။
ကိန်းနဲ့ ဆွန်တို့ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ စပါးအသင်းမှာ အတူရှိစဉ်က ပရီးမီးယားလိဂ်ရဲ့ အထင်ရှားဆုံး တိုက်စစ်အတွဲတွေထဲက တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ကစားနေတဲ့ လိဂ်ပြိုင်ပွဲတွေနဲ့ နိုင်ငံတွေ ကွဲကွာနေပေမယ့် သူတို့နှစ်ဦးကြားက ခင်မင်ရင်းနှီးတဲ့ သံယောဇဉ်ကတော့ အရင်အတိုင်း ခိုင်မြဲနေဆဲ ဖြစ်ပါတယ်။
Photo Credit : 101 Great Goals
ဒီလအစောပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒါဟာ ဟယ်ရီကိန်းရဲ့ ကစားသမားဘဝ ပထမဆုံး အဓိကဆုဖလား ဖြစ်ခဲ့ပါတယ်။ ဆွန်ကလည်း သူ့သူငယ်ချင်းအတွက် ချက်ချင်း ဂုဏ်ပြုစကားဆိုခဲ့ပြီး အင်္ဂလန်အသင်းခေါင်းဆောင်အတွက် ဒီအောင်မြင်မှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အသိအမှတ်ပြုခဲ့ပါတယ်။ ကိန်းက သူ့ရဲ့ ဘွန်ဒက်စ်လီဂါဆုတံဆိပ်နဲ့ ပျော်ရွှင်နေချိန်မှာ ဆွန်ကလည်း စပါးအသင်းနဲ့ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်တော့မယ့် အခြေအနေနဲ့အတူ သူလည်း ဆုဖလားအောင်ပွဲခံနိုင်ဖို့ မျှော်လင့်နေပါတယ်။
ယူရိုပါလိဂ် ဗိုလ်လုပွဲအကြိုမှာ ဆွန်ဟောင်မင်က “လူတိုင်းသိပါတယ် ဟယ်ရီက ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်ပြီး သူ့ဘေးမှာ အတူတွဲကစားခွင့်ရခဲ့တာက တကယ့်ကို ကြီးမားတဲ့ ဂုဏ်ယူစရာပါ။ သူ ပထမဆုံးဆုဖလားရပြီးတဲ့နောက် သူ့ဆုဖလားအကြောင်း ကျွန်တော်တို့ စကားစမြည် ပြောဖြစ်ခဲ့ကြတယ်။ သူက အခု အားလပ်ရက်ရောက်နေပြီဆိုတော့ ကျွန်တော့်ကို စာပို့နေဖို့ မလိုပါဘူး။ ကျွန်တော်ကတော့ အသင်းဖော်တွေနဲ့အတူ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်နေပါတယ်။ ဒီညပွဲမှာ ဟယ်ရီက စပါးအသင်းရဲ့ အမာခံပရိသတ် ဖြစ်နေမှာဖြစ်ပြီး သူ့ရဲ့အားလပ်ရက်ကနေ ကျွန်တော်တို့ကို အားပေးနေလိမ့်မယ်ဆိုတာ သေချာပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Opta Analyst
ဒီညမှာ စပါးအသင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ဒီဗိုလ်လုပွဲစဉ်ဟာ ရာသီတစ်လျှောက်လုံး ဖိအားတွေနဲ့ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတဲ့ စပါးအသင်းအတွက် အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်တစ်ခုအဖြစ် ရှုမြင်ခံထားရပါတယ်။
ဒီပွဲမှာ အောင်ပွဲရခဲ့မယ်ဆိုရင် စပါးအသင်းအတွက် ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အဓိက ဆုဖလား ဖြစ်လာမှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းအတွက် နှစ်ရှည်လများ သစ္စာရှိရှိ ကစားပေးခဲ့ပေမယ့် ဆုဖလား အောင်မြင်မှု မရရှိသေးတဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်အတွက်လည်း တစ်ကိုယ်တော် မှတ်တိုင်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။