တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တောင်ကိုရီးယား တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ဘာစီလိုနာ လူငယ် တောင်ပံကစားသမားလေး လာမိုင်း ယာမားလ်ဟာ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ယာမားလ်က ဘာစီလိုနာရဲ့ နာမည်ကျော် လူငယ်အကယ်ဒမီဖြစ်တဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ပြီး အသက်ငယ်ငယ်လေးနဲ့ ဘာစီလိုနာ စီနီယာအသင်းအတွက် ကစားပေးခွင့်ရရင်း အခုဆိုရင်တော့ ဘာစီလိုနာအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေရပြီး ဒီရာသီထဲမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲ ကစားထားခဲ့ကာ (၁၂)ဂိုးသွင်း (၁၇)ဂိုး ဖန်တီးထားခဲ့ပါတယ်။

Photo Credit : The Independent

အသက်(၁၇)နှစ်သာ ရှိသေးတဲ့ ယာမားလ်ဟာ စပိန်လက်ရွေးစင်အတွက်ပါ (၁၇)ပွဲအထိတောင် ပါဝင်ထားခဲ့ရသလို ယူရို-၂၀၂၄ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကိုပါ ဆွတ်ခူးခဲ့ပါသေးတယ်။ ဒါ့အပြင် ယာမားလ်က လူငယ် အကောင်းဆုံး ကစားသမားဆုတွေဖြစ်တဲ့ Kopa Trophy ဆုနဲ့ Golden Boy ဆုတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။

ဒီလို တောက်ပနေတဲ့ ယာမားလ်ကို ဘာစီလိုနာရဲ့ iconic player လီယွန်နယ် မက်ဆီနဲ့ပါ ခိုင်းနှိုင်းမှုတွေ လုပ်နေကြပြီး အနာဂတ်ရဲ့ ဘာလွန်းဒေါဆုရှင်လို့ပါ မှတ်ချက်ပြု ပြောဆိုလာကြပါတယ်။ အခုလည်း ဆွန်ဟောင်မင်ကပါ ယာမားလ်နဲ့ ပတ်သက်ပြီး “သူက မယုံနိုင်စရာပါ။ ကျွန်တော့်ကို အထင်မလွဲပါနဲ့။ ဒီအသက်အရွယ်လေးနဲ့ သူရဲ့ စွမ်းဆောင်ရည်က မယုံနိုင်စရာပါပဲ။”

Photo Credit : Transfermarket

“ကျွန်တော် အဲဒီအရာတိုင်းကို ပျော်ရွှင်စွာ ကြည့်နေပါတယ်။ သူက အရမ်းငယ်သေးတာက ကောင်းတဲ့အချက်ဖြစ်ပြီး အခုထက် တိုးတက်လာဖို့လည်း နေရာအများကြီး ကျန်သေးတယ်။ ဒါကြောင့် နောက်နှစ်အနည်းငယ်မှာ သူဟာ ထိပ်တန်းကစားသမား နံပါတ်တစ် ကစားသမားတစ်ဦး ဖြစ်လာမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီမှာတော့ ယာမားလ်နဲ့အတူ ဘာစီလိုနာ အသင်းဖော် ရာဖင်ဟာကလည်း အတော်လေးကို ခြေစွမ်းပြသလျက် ရှိနေပြီး ဒီကစားသမား (၂)ဦးက လာမယ့်နှစ်အတွက် ဘာလွန်းဒေါစာရင်းထဲမှာ ပါဝင်လာဖို့ ရှိနေကြသလို ဘာစီလိုနာအသင်းဟာလည်း ဒီရာသီမှာ ဆုဖလား(၄)လုံး လမ်းကြောင်းထဲ ရှိလို့နေပြီး အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာဖို့ အခြေအနေကောင်းနေပါတယ်။