တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က အက်စ်တွန် ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တစ်လအတွင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပြန်လည် ပါဝင်ခွင့်ရခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် အသင့်ဖြစ်နေပြီလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဆွန်ဟောင်မင်ရဲ့ စပါးအသင်းဟာ ဗီလာပါ့ခ်မှာ အိမ်ရှင်ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီအတွင်း ပြိုင်ပွဲအားလုံးမှာ ရှုံးပွဲ (၂၅)ပွဲအထိ ရှိလာခဲ့ပြီး ဒါဟာ ၁၉၉၁-၉၂ ရာသီတုန်းက မှတ်တမ်းနဲ့ တူညီသွားခဲ့ပါတယ်။ ကောင်းတဲ့အချက်အနေနဲ့ကတော့ ဆွန်ဟာ ဧပြီ(၁၀)ရက်နေ့က ဖရန်ဖတ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားသမားစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : beIN SPORTS
ပြီးခဲ့တဲ့အပတ်က ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အရန်ကစားသမားအဖြစ် ပြန်လာခဲ့တဲ့ အသင်းခေါင်းဆောင် ဆွန်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ ကြံ့ခိုင်မှု တည်ဆောက်ဖို့အတွက် ဗီလာနဲ့ပွဲကို (၇၄)မိနစ်အထိ ကစားခဲ့ပါတယ်။
“ကျွန်တော် ကောင်းကောင်း ခံစားနေရပြီး ကစားဖို့ အသင့်ပါပဲ။ ခြေထောက်တွေကို ပွဲချိန်ရအောင် လုပ်နိုင်ခဲ့တာ တကယ် ကောင်းပါတယ်။ ဗုဒ္ဓဟူးနေ့အတွက် အသင့်ဖြစ်နေပါပြီ။ ဘေးကနေ ထိုင်ကြည့်နေရတာ ကစားဖော်တွေနဲ့အတူ ပါဝင်မကစားနိုင်ခဲ့တာ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ကစားသမားတွေက ဖရန်ဖတ်နဲ့ ဘိုဒိုဂလင့်တို့ကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေမှာ တကယ်ကို အကောင်းဆုံး လုပ်ခဲ့ကြပါတယ်။”
Photo Credit : Daily Sports
“သူတို့ ပျော်ရွှင်စွာ အောင်ပွဲခံနေတာကို မြင်ရတာ တကယ် ပျော်ပါတယ်။ သူတို့ ဒါကို ခံစားပိုင်ခွင့်ရှိပါတယ်။ အလုပ်ကတော့ မပြီးသေးပါဘူး။ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပန်းတိုင်တစ်ခုတည်းအတွက် အားလုံး စည်းလုံးဖို့ လိုပါတယ်။” လို့ ဆွန်ကSpursPlay ကို ပြောပါတယ်။ စပါးနည်းပြ အန့်ဂျ် ပိုစတီကိုဂလူးကလည်း Sky Sports ကို “ဒီညပွဲက အရေးကြီးပါတယ်။ သူလည်း သူ့ရဲ့ ပုံမှန်ခြေစွမ်း တဖြည်းဖြည်း ပြန်ရလာတယ်လို့ ခံစားရပါတယ်။ ဗိုလ်လုပွဲမှာ အကောင်းဆုံးပုံစံ ရောက်ရှိဖို့ သူ့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ရစေပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ယူရိုပါလိဂ်မှာ အနိုင်ရရှိခြင်းက ဒီရာသီရဲ့ အဆိုးရွားဆုံး အခြေအနေကို အံ့သြဖွယ်ရာ ပြန်လည်ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ ဗီလာပါ့ခ်မှာ တစ်ပွဲလုံး ဂိုးပေါက်တည့် ကန်သွင်းချက် တစ်ကြိမ်သာ ရှိခဲ့တဲ့ စပါးဟာ လတ်တလော ကစားခဲ့တဲ့ လိဂ်ပွဲ(၁၁)ပွဲမှာလည်း (၈)ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ “ကျွန်တော် ထင်တာကတော့ သူတို့ ဂိုးမသွင်းခင်အထိ ကစားသမားတွေ ကြိုးစားခဲ့ကြတယ်။ တကယ် စည်းကမ်းရှိပြီး စုစည်းမှု ကောင်းခဲ့တယ်။ သူတို့ကို အခွင့်အရေးတွေ အများကြီး ဖန်တီးခွင့် ကျွန်တော်တို့ တကယ် မပေးခဲ့ပါဘူး။ ကျွန်တော်တို့လည်း တိုက်စစ်ဆင်တဲ့အခါ ကျွန်တော်တို့ရဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ဂိုးသွင်းလိုက်ပြီးနောက် ယုံကြည်မှု နည်းနည်း လျော့သွားခဲ့ပါတယ်။ အဲ့ဒီက ကစားသမား အတော်များများက ပွဲအများကြီး မကစားထားကြပါဘူး။ ကျွန်တော်တို့ ပင်ပန်းနေပုံရပြီး ပွဲက ကျွန်တော်တို့လက်ထဲကနေ လွတ်ထွက်သွားခဲ့ပါတယ်။” လို့ နည်းပြက ပြောကြားခဲ့ပါတယ်။