တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က သူတို့အသင်းအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ဖို့နဲ့ ဂိုးသွင်းသေချာဖို့လည်း လိုအပ်တယ်လို့ မြောက်လန်ဒန်ဒါဘီ ရှုံးပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မနေ့က တော့တင်ဟမ် ဟော့စပါးကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ စပါးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မှာ အာဆင်နယ်က နောက်ခံလူ ဂါဘရီရယ်လ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ခါးသီး မြို့ခံပြိုင်ဘက် စပါးအသသင်းကို အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် (၂)နေရာမှာ ရမှတ် (၁၀)မှတ်နဲ့ ရပ်တည်လို့နေပါတယ်။

Photo Credit : Arsenal

စပါးအသင်းကတော့ နယူးကာဆယ်နဲ့ အာဆင်နယ်တို့ကို (၂)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး အဖွင့်ပွဲမှာလည်း လက်စတာကို သရေကျထားတာကြောင့် (၄)ပွဲကစား နိုင်ပွဲ (၁)ပွဲသာ ရထားတဲ့အတွက် ရမှတ် (၄)မှတ်နဲ့ အဆင့် (၁၃)နေရာအထိ ရောက်ရှိနေရပါတယ်။ စပါးအသင်း လက်ရှိ ကြုံတွေ့နေတဲ့ ပြသာနာက တိုက်စစ်ပိုင်း အားနည်းမှု ဖြစ်နေပါတယ်။

အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာလည်း အခွင့်အရေးတွေကို အသုံးမချနိုင်တာနဲ့ ပတ်သက်ပြီး ဆွန်ဟောင်မင်က “ကျွန်တော်တို့က ဒီပွဲမှာ ပွဲကို လွှမ်းမိုးနိုင်ခဲ့တယ်။ ပေးလိုက်ရတဲ့ ဂိုးကတော့ set-piece ကနေပဲ ထပ်ပြီး ခွင့်ပြုပေးလိုက်ရပြန်တာပါ။ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဒီလို အနေအထားနဲ့ပဲ ဂိုးပေးခဲ့ရတာဆိုတော့ ဒါကို တော်တော် စိတ်ပျက်မိပါတယ်။”

Photo Credit : Cartilage Free Captain

“အသင်းပရိသတ်တွေလည်း စိတ်ပျက်နေလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။ ကျွန်တော်တို့တွေ ရာနှုန်းပြည့် တိုးတက်လာဖို့ လိုနေပါတယ်။ ခက်ခဲတဲ့ အခိုက်အတန့်တစ်ခု ဖြစ်နေပေမယ့် ကျွန်တော်တို့ အတူတူ စည်းစည်းလုံးလုံး ရှိနေရမယ်။ နောက်ပြီး ကျွန်တော်တို့ final third ထဲ ရောက်သွားတဲ့အခါ ကစားသမားတွေက ဂိုးသွင်းဖို့ တာဝန်ယူရမှာ ဖြစ်ပါတယ်။”

“ဒါဟာ ဘောလုံးရဲ့ အခက်ခဲဆုံး အစိတ်အပိုင်း ဖြစ်ပြီးတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းနဲ့ ဂိုးသွင်းသေချာအောင် လုပ်ဆောင်ရပါမယ်။ ကျွန်တော်တို့တွေ ဒီရှုံးပွဲတွေကနေ အကောင်းဆုံး ပြန်လာခဲ့ပါမယ်။ နောက်ပြီး သွားရမယ့် လမ်းကလည်း အရှည်ကြီး ကျန်နေပါသေးတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။