တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်တစ်ယောက် တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ခြေစွမ်းပွဲအပြီးမှာတော့ တောင်ကိုရီးယားအသင်းက အိမ်ရှင် အမေရိကန်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲဟာ နည်းပြချုပ် ပိုချက်တီနိုရဲ့ အမေရိကန်အသင်းအတွက် Gold Cup ဗိုလ်လုပွဲမှာ မက္ကဆီကိုကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ပြန်လည်ကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။
Red Bull Arenaအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီပွဲမှာ အိမ်ရှင် အမေရိကန်အသင်းဟာ တောင်ကိုရီးယားရဲ့ ခြေစွမ်းကို လိုက်မီဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲအစပိုင်းမှာ အမေရိကန်ကစားသမား ဆီဘက်စတီယန် ဘာဟော်လ်တာနဲ့ တောင်ကိုရီးယားကစားသမား လီဒေါင်ဂျောင်းတို့ရဲ့ ဂိုးကန်ချက်တွေကို သက်ဆိုင်ရာ ဂိုးသမားတွေက ကာကွယ်နိုင်ခဲ့ကြပါတယ်။
Photo Credit : Bayern & Germany’s X
ပွဲရဲ့ အလှည့်အပြောင်းကိုတော့ ပွဲချိန် (၁၈)မိနစ်မှာ ဆွန်ဟောင်မင်က စတင်ခဲ့ပါတယ်။ လီဂျေဆန်ရဲ့ ပေးပို့မှုကနေတစ်ဆင့် အမေရိကန် ခံစစ်ကြောင်းနောက်ကို အပြေးအလွှား ဖောက်ထွက်သွားခဲ့တဲ့ LAFC တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဘယ်ခြမ်းကျဉ်းမြောင်းတဲ့ ထောင့်ကနေ အပိုင်ကန်သွင်းခဲ့ရာ အမေရိကန်ဂိုးသမား မတ် ဖရီးစ်က သူ့ရဲ့ နီးစပ်ရာတိုင်ကို ကာကွယ်နိုင်ခြင်းမရှိဘဲ ဂိုးပေးလိုက်ရပါတယ်။
ပထမပိုင်းမှာ ချေပဂိုးရဖို့ ရုန်းကန်နေရတဲ့ အမေရိကန်အသင်းကို တောင်ကိုရီးယားက ပွဲချိန် (၄၃)မိနစ်မှာ ဒုတိယဂိုးနဲ့ ထပ်မံ ထိုးနှက်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ရဲ့ လှုပ်ရှားမှုကို လိုက်ပါဟန့်တားဖို့ ဂိုးသမား ဖရီးစ် နေရာပျက်သွားချိန်မှာ လီဒေါင်ဂျောင်းက လှပတဲ့ ဖနောင့်ကန်ချက်နဲ့ ဂိုးစည်းကို ကျော်ဖြတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနိုရဲ့ အသင်းဟာ ဒုတိယပိုင်းမှာ တိုက်စစ်ကို မြှင့်တင်ကစားခဲ့ပေမယ့် ထိရောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲချိန် (၇၃)မိနစ်ရောက်မှသာ ခရစ္စ ရစ်ချက်စ်ရဲ့ ကန်ချက်ကို တောင်ကိုရီးယားဂိုးသမား ဂျိုဟွန်ဝူးက ပုတ်ထုတ်ကာကွယ်ခဲ့ရပါတယ်။
Photo Credit : Sports Illustrated
ပွဲပြီးခါနီးမှာတော့ ဂိုးသမား ဖရီးစ်က တောင်ကိုရီးယားတိုက်စစ်မှူး အိုဟွန်ဂယူရဲ့ ခေါင်းတိုက်ချက်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပွဲရဲ့ အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ တောင်ကိုရီးယား ဂိုးသမား ဂျိုဟွန်ဝူးကတော့ ပွဲသိမ်းခရာမမှုတ်ခင် ဖိုလာရင် ဘာလိုဂန်ရဲ့ ဆက်တိုက်ကန်သွင်းမှု သုံးကြိမ်ကို အံ့အားသင့်ဖွယ် ကာကွယ်ခဲ့ပြီး အသင်းအတွက် ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဘာလိုဂန်ရဲ့ တတိယအကြိမ် ကန်ချက်ကတော့ ဂိုးတိုင်ထိပြီး ထွက်သွားခဲ့ပါတယ်။
စပါးအသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း ပိုချက်တီနိုရဲ့ အသင်းနဲ့ ပြန်လည်တွေ့ဆုံမှုမှာ တောင်ကိုရီးယား အသင်းခေါင်းဆောင်ဟာ အကောင်းဆုံး ခြေစွမ်းပြပြီး အနိုင်ယူသွားခဲ့ပါတယ်။ သူဟာ ဒီပွဲမှာ ပထမပိုင်းတစ်ခုတည်းအတွင်း ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာကြောင့် လီယွန်နယ် မက်ဆီနဲ့ ဂျိုဟန် မန်ဇမ်ဘီတို့ပြီးရင် အမေရိကန်အသင်းနဲ့ပွဲမှာ ဒီလိုစွမ်းဆောင်နိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မှတ်တမ်းဝင်ခဲ့ပါတယ်။